မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်အရုံး (KNU) တို့၏ ရေဖြူမြို့နယ်ရှိ လက်အောက်ခံတပ်ဖွဲ့များအကြား စစ်ရေးပဋိပက္ခ ထပ်မံမဖြစ်ပွားရန်အတွက် စက်တင်ဘာလ ၁၁ ရက်နေ့တွင် နယ်မြေတာဝန်ခံ (၃) ဦးစီ ပါဝင်သည့် ဆက်သွယ်ရေးကော်မတီတစ်ရပ်ကို တွေ့ဆုံညှိနှိုင်းပြီး ဖွဲ့စည်းခဲ့ကြောင်း နှစ်ဖက်တာဝန်ရှိသူများထံမှ သိရသည်။
စက်တင်ဘာလ ၈ ရက်နေ့တွင် နှစ်ဖက်တပ်ဖွဲ့များကြား နယ်မြေအငြင်းပွဲမှုကြောင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် (ကလိန်အောင်မြို့နယ်ခွဲ)သဲချောင်းကျေးရွာအနီးတွင် စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့ပြီး၊ နယ်မြေပိုင်းခြားမှုကို မဖြေရှင်းနိုင်မီ ပဋိပက္ခထပ်မံင်မဖြစ်ပွားရန် ယခုကဲ့သို့ ဆက်သွယ်ရေးကော်မတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ထိုပစ်ခတ်မှုကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိသော်လည်း သဲချောင်းကျေးရွာမှ နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါဖြစ်စဉ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း နယ်မြေစည်းခြားသတ်မှတ်ချက် မရှိခြင်းနှင့် ဆက်သွယ်ရေး အားနည်းချက်ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည့်အတွက် လိုအပ်ချက်အနေနှင့် ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု KNU ဘိတ်ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ပဒိုဝင်းခိုင်က ပြောသည်။
သူက “နယ်မြေပိုင်းခြားမှုကို ဗဟိုအဆင့်မှာ သူတို့ ရှင်းကြမယ်။ အဲဒီအချိန် မရောက်ခင်မှာ ပြဿနာ ဖြေရှင်းနိုင်ဖို့နဲ့ ပြဿနာ ထပ်မဖြစ်ဖို့ နှစ်ဦးနှစ်ဖက်က နယ်မြေတာဝန်ခံတွေ ပူးပေါင်းဆောင်ရွက်ဖို့ အခုလို ကော်မတီတစ်ခု ဖွဲ့ဖြစ်တယ်” ဟု ပြောသည်။
တစ်နာရီကျော် ကြာမြင့်သည့် ခရိုင်အဆင့် တွေ့ဆုံညှိနှိုင်းပွဲကို တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ (ကလိန်အောင်မြို့နယ်ခွဲ) ရားဖူးကျေးရွာ၌ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး၊ မွန်ပြည်သစ်ဖက်မှ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် နိုင်အောင်မငေး၊ ထားဝယ်ခရိုင် ဥက္ကဋ္ဌ နိုင်ဧကနှင့် KNU ဖက်မှ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပဒိုမန်းငြိမ်းမောင်၊ ဘိတ်ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဆာပိတုတို့က ဦးဆောင်ကာ ဆွေးနွေးညှိနှိုင်းကြသည်။
ဆွေးနွေးပွဲတွင် မွန်ပြည်သစ်နှင့် KNU ကြား နယ်နိမိတ်ပိုင်းခြား သတ်မှတ်ခြင်းကို ဗဟိုအဆင့်တွင် ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်မှ ဗဟိုသို့ အမြန်ဆုံး တင်ပြသွားရန်၊ စစ်ရေးပဋိပက္ခ ထပ်မံမဖြစ်ပွားစေရန်အတွက်သက်ဆိုင်ရာနယ်မြေခံ တပ်မှူးများ ကြီးကြပ်သွားရန်၊ သွားလာလှုပ်ရှားမှုကို အသိပေးအကြောင်းကြားရန် စသည်တို့ကို သဘောတူခဲ့ကြသည်။
မွန်ပြည်သစ်ပါတီ၏ ပြည်တွင်းရေးရာဌာနကြီး တာဝန်ခံ နိုင်ဝင်းလှ က “ဖြစ်ခဲ့တာကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ခုလို ဆက်သွယ်ညှိနှိုင်းတဲ့အဖွဲ့တစ်ခု ဖွဲ့လိုက်နိုင်တာဟာ နောက်ထပ်မဖြစ်ဖို့ အလားအလာကောင်းပဲ” ဟု ပြောသည်။
ရေဖြူမြို့နယ်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မွန်ပြည်သစ်နှင့် KNU တို့၏ အခြားထိစပ်နယ်မြေများသို့ မကူးစက်စေရန်အတွက် စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး၌ ခရိုင်အဆင့် နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။
ရေဖြူမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုသည် ၁၉၈၈ ခုနှစ် နယ်မြေအငြင်းပွားမှုကြောင့် ဘုရားသုံးဆူဒေသ၌ ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခနောက်ပိုင်း ပထမဆုံးသော ပဋိပက္ခ ဖြစ်သည်။