Homeသတင်းအစိုးရသစ်လက်ထက်တွင် ကလေးစစ်သား ၅၅ ဦး တပ်မတော်မှ နှုတ်ထွက်ခွင့်ပြု

အစိုးရသစ်လက်ထက်တွင် ကလေးစစ်သား ၅၅ ဦး တပ်မတော်မှ နှုတ်ထွက်ခွင့်ပြု

-

သမ္မတဦးထင်ကျော် ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် ကုလသမဂ္ဂ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကလေးစစ်သား ၅၅ ဦးအား စက်တင်ဘာ ၉ ရက်နေ့က တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေ UNICEF က အဆိုပါ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်နေစဉ်အတွင်း ကလေးသူငယ်များအား တပ်သားအဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုခြင်းကိစ္စ အဆုံးသတ်ရပ်တန့်ရန် အရေးတကြီးလိုအပ်နေပြီး ယခုကဲ့သို့ ကလေး စစ်သားများအား တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုလိုက်ခြင်းသည် အစိုးရသစ် စတင်တာဝန်ယူသည့် ၂၀၁၆ ခုနှစ် ဧပြီလမှ စတင်၍ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၂ ခုနှစ်တွင် ခလေးစစ်သားများအား နှုတ်ထွက်ခွင့်ပြုခဲ့စဉ်(BBC)
၂၀၁၂ ခုနှစ်တွင် ခလေးစစ်သားများအား နှုတ်ထွက်ခွင့်ပြုခဲ့စဉ်(BBC)

UNICEF မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Bertrand Bainvel က “အစိုးရအနေဖြင့် မဖြစ်မနေ လုပ်ဆောင်ရန်ကျန်ရှိနေသော လုပ်ငန်းအဆင့်များ ဖြစ်သည့် အထူးသဖြင့် ကလေးသူငယ်များအား စုဆောင်း ခြင်း နှင့် အသုံးပြုခြင်းကို ပြတ်ပြတ်သားသား တားမြစ်ရန်အတွက် မကြာမီ အသစ်ပြင်ဆင်ပြဌါန်းမည့် ကလေး သူငယ်ဥပဒေတွင် ထည့်သွင်းကျင့်သုံးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းပါသည်” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

တပ်မတော်အတွင်း တပ်သားအဖြစ်စုဆောင်းရာတွင် အသက်အရွယ်ဆန်းစစ်သည့်လုပ်ငန်းစဉ်များနှင့် ကလေး သူငယ်အခွင့်အရေး ချိုးဖောက်မှုများမှ ကာကွယ်နိုင်သည့်အကြောင်းများကို တပ်မတော် သင်ရိုးညွှန်း တမ်းများ တွင် ထည့်သွင်းရန် စသည်တို့ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်းကိုလည်း ၄င်းက ဆက်ပြော ထားသည်။

ကလေးသူငယ်များနှင့် လူငယ်များအား ယခုကဲ့သို့ နှုတ်ထွက်ခွင့်ပြုလိုက်ခြင်းဖြင့် ၎င်းတို့၏ ဘဝကို မိသားစုနှင့် အတူ ပြန်လည်အစပြုနိုင်ရန် အကူအညီဖြစ်စေပြီး လူမူစီးပွားပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးစီမံချက်မှ အကျိုး ကျေးဇူးများရရှိလာမည့်အပြင် ပညာရေး၊ သက်မွေးဝမ်းကျောင်းသင်တန်းများ နှင့် မိသားစုဝင်ငွေတိုးလုပ်ငန်း များကို လုပ်ကိုင်လာနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

“လက်နက်ကိုင်တပ်ဖွဲ့များအတွင်း ကလေးသူငယ်များအား တပ်သားအဖြစ်စုဆောင်းခြင်းနှင့်အသုံးပြုခြင်းကို ရပ်တန့်ရန် နိုင်ငံတော်အစိုးရ အနေဖြင့် ဆက်လက် ကြိုးပမ်းအားထုတ်မှုများလုပ်ဆောင်ရန် လိုအပ်ပါသည်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms. Renata Dessallien က ပြောကြားသည်။

ကုလသမဂ္ဂအနေဖြင့် အသက် (၁၈)နှစ်အောက် ကလေးငယ်များအား စုဆောင်းခြင်းနှင့် အသုံးပြုခြင်းတို့မှ ကြို တင်ကာကွယ်ရန်နှင့် အဆုံးသတ်စေရန်အတွက် လုပ်ငန်းစီမံချက်များအား လက်မှတ်ရေးထိုးနိုင်မည့် ဖြစ်နိုင်ခြေ အား ဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်သည်။

ကလေးစစ်သား စုဆောင်းခြင်းနှင့် အသုံးပြုခြင်းကိစ္စ အဆုံးသတ်နိုင်ရေး ပူးတွဲလုပ်ငန်းဆောင်ရွက်မှုစီမံချက်ကို ၂၀၁၂ ခုနှစ် ဇွန်လတွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည့်အချိန်ကစ၍ အသက် ၁၈ နှစ်အောက် ကလေး စစ်သား (၈၀ဝ) ဦးကျော်အား တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts