Homeသတင်း၂၁ ပင်လုံညီလာခံသည် ဆားမပါသည့် ဟင်းဟု မွန်အမျိုးသားပါတီမိန့်ခွန်းတွင် ထည့်သွင်းပြောကြား

၂၁ ပင်လုံညီလာခံသည် ဆားမပါသည့် ဟင်းဟု မွန်အမျိုးသားပါတီမိန့်ခွန်းတွင် ထည့်သွင်းပြောကြား

-

ကျင်းပဆဲဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံညီလာခံ ပထမအစည်းအဝေး၏ ဒုတိယနေ့ အခမ်း အနားတွင် မွန်အမျိုးသားပါတီ MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “ဆားမပါတဲ့ဟင်းစား နေရသလို” ဟု ညီလာခံကို တိုက်ရိုက်ရည်ညွှန်း၍ မိန့်ခွန်းနိဂုံးချုပ်တွင် ထည့်သွင်းပြောကြားလိုက်သည်။

၄င်းက”ဒီကနေ့ ကျင်းပနေတဲ့ ညီလာခံရဲ့ရလဒ်ကလည်း တစ်တိုင်းတစ်ပြည်လုံးမှ ပြည်သူတွေက စောင့်မျှော် နေကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုကျင်းပနေတဲ့ ညီလာခံက စာတမ်းတွေတင်မယ်၊ မှတ်တမ်းပြုစုထား မယ်၊ ဆုံးဖြတ်ချက် မချမှတ်ဘူး။ အဲဒါကြောင့်မို့ ညီလာခံက ဘာအဖြေမှ ထွက်မလာတဲ့ ညီလာခံဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဆားမပါတဲ့ ဟင်းစားနေရသလိုပဲ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

 MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမ(Ko Thu)
MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမ(Ko Thu)
စက်တင်ဘာ ၁ ရက်တွင် ကျင်းပသော ၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့အခမ်းအနားသို့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့အသီးသီးမှ အစိုးရအစုအဖွဲ့မှ ၄ ဦး၊ လွှတ်တော်အစုအဖွဲ့မှ ၄ ဦး၊ တပ်မတော်အစုအဖွဲ့မှ ၃ ဦး၊ NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များမှ ၉ ဦး၊ နှင့် နိုင်ငံရေးပါတီအစုအဖွဲ့မှ ၁၂ ဦးတို့က စုစုပေါင်းကိုယ်စားလှယ် ၃၂ ဦးတို့ ၄င်းတို့အဖွဲ့အစည်းများ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် သဘောထားများကို ၁၀ မိနစ်ခန့်စီ မိန့်ခွန်းပြောကြားခဲ့ကြသည်။

မွန်အမျိုးသားပါတီအနေဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်သင့်ကြောင်းနှင့် ဖက်ဒရယ်ပြည်ထောင်စု စနစ်နိုင်ငံ ဖွဲ့စည်းရာတွင် အခြေခံရမည့်မူများ ၁၈ ချက်ပါ စာတမ်း ဖြန့်ချိထားသည်ကို တွေ့ရသည်။

အဆိုပါစာတမ်းတွင် ဘာသာရေးကိုအခြေမခံသောနိုင်ငံ၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၊ အမျိုး သားပြည်နယ်တပ်ဖွဲ့များ၊ ဖက်ဒရယ်ပြည်ထောင်စုရဲတပ်ဖွဲ့၊ အမျိုးသားပြည်နယ်သစ်များ ဖွဲ့စည်းခြင်း အချက်များပါဝင်သည်။
မွန်အမျိုးသားပါတီတင်ပြသော အဆိုပါ ဖက်ဒရယ်ပြည်ထောင်စုစနစ်နိုင်ငံ ဖွဲ့စည်းရာတွင် အခြေခံရမည့် မူများစာတမ်းသည် လွန်ခဲ့သည့် ဩဂုတ်တတိယပတ်တွင်ကျင်းပခဲ့သော ၂၀၁၆ မွန်အမျိုးသားကွန်ဖရင့်၏ ဆုံးဖြတ်ချက်များ ဖြစ်သည်ဟု မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

သို့ရာတွင် ၂၀၁၆ မွန်အမျိုးသားကွန်ဖရင့်အား တက်ရောက်ခဲ့ခြင်းမရှိသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ကလည်း စက်တင်ဘာလ ၂ ရက်တင် ဆက်လက်ကျင်းပမည့် အစည်းအဝေး တတိယနေ့တွင် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာနှင့်သဘာဝဝန်းကျင်ဆိုင်ရာ ကဏ္ဍ ၅ ချက်ပါသည့် စာတမ်း ဖတ်ကြားမည်ဖြစ်သည်။

ညီလာခံတက်ရောက်လျက်ရှိသော မွန်ပြည်သစ်ပါတီ NMSP လည်း ညီလာခံတွင် မိန့်ခွန်းပြောကြားမည့်အစီအစဉ် မသေချာသေးဟု စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၁ က ကျင်းပသည့် ၁၀ မိနစ်စီမိန့်ခွန်းပြောကြားသည့်အစီအစဉ်များတွင် NCA လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်များ မိန့်ခွန်းပြောကြားခဲ့ခြင်း မရှိပေ။

အလားတူ NCA လက်မှတ်မရေးထိုးသေးသည့် UWSP/USSA ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ကိုယ်စားလှယ်များသည်လည်း ညီလာခံသို့ တက်ရောက်သော်လည်း နေ့လယ်ပိုင်းအချိန်၌ ဌာနချုပ်သို့ပြန်သွားသည်ဟု သတင်းများတွင် တွေ့ရှိရသည်။

နေပြည်တော်၌ကျင်းပနေသောပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံညီလာခံ(ပထမအကြိမ်) ကိုယ်စားလှယ်အဖြစ်မွန်ပြည်သစ်ပါတီ NMSP ၁၄ ဦး၊မွန်အမျိုးသားပါတီ MNP ၈ ဦး၊မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီAMDP ၈ ဦးနှင့် လေ့လာသူအဖြစ် အမျိုးသမီး(မွန်) ပါတီခေါင်းဆောင်များ တက်ရောက်သည်ကို တွေ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts