မွန်အလံတော်ရွှေဟင်္သာ၏တောင်ပံအောက်တွင် မွန်တိုင်းရင်းသားလူမျိုးများအားလုံး သွေးစည်းညီညွတ်ရန် သြဂုတ်လ ၁၄ ရက်နေ့ မုတ္တမ-မော်လမြိုင် သံလွင်တံတားထိပ်ယာဉ်ပတ်အဝိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေဟင်္သာရုပ်တု ဖွင့်ပွဲအခမ်းအနား၌ မွန်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက တိုက်တွန်းပြောကြားခဲ့သည်။
မွန်တစ်မျိုးသားလုံး စည်းလုံးညီညွတ်စွာဖြင့် မွန်ပြည်နယ်အကျိုး၊ ပြည်ထောင်စုအကျိုးအတွက် မွန်ပြည်နယ်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်ကြရန် ပြည်နယ်ဝန်ကြီးချုပ် အမှာစကားတွင် တိုက်တွန်းခဲ့သည်ကို တွေ့ရသည်။
ယခင်စစ်အစိုးရလက်ထက် ၂၀ဝ၅ ခုနှစ်တွင် သံလွင်မြစ်ကူးတံတား (မုတ္တမ-မော်လမြိုင်) ဖွင့်လှစ်စဉ် မွန်လူမျိုး တို့၏အထိမ်းအမှတ်သင်္ကေတ ရွှေဟင်္သာရုပ်တုကို သံလွင်တံတားထိပ်ယာဉ်ပတ်အဝိုင်းတွင် တည်ဆောက်တပ်ဆင်ခဲ့ပြီးနောက် ၂၀ဝ၇ ခုနှစ် မိုးရာသီကာလညတစ်ညတွင် အာဏာပိုင်တို့တိတ်ဆိတ်ဖယ်ရှားကာ ဆွမ်းအုပ်ပုံတုဖြင့် အစားထိုးတပ်ဆင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရွှေဟင်္သာရုပ်တု ပြန်လည်တပ်ဆင်ရာတွင် မွန်တိုင်းရင်းသာတို့၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်ခွင့်ပြုရန် မွန်လူထုတွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၂၄ ရက်နေ့က ကျင်းပခဲ့ပြီး (၉) ဦးပါ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ကာ ဇူလိုင်လ ၁ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခွင့် ရယူခဲ့သည်။
ယခုပြန်လည်အစားထိုးတပ်ဆင်လိုက်သည့် မွန်အမျိုးသားအလံတော်ပါ ပတ္တမြားသွေးရောင်မျက်လုံးရှိ ခြေတစ် ဖက်လှမ်း ရွှေဟင်္သာရုပ်တုအသစ်၏ အလျား၊ အနံ၊ အမြင့် က (၁၁) ပေ ပတ်လည်ဝန်းကျင် ပြုလုပ်ထားကာ ယခင်ခြေစုံရပ် ရွှေဟင်္သာရုပ်တု၏ အရွယ်အစားထက် ပိုကြီးကြောင်း၊ ထိုရုပ်တုပြုလုပ်မှုနှင့် အခမ်းအနားကျင်း ပခြင်းအတွက် ငွေကျပ်သိန်း ၇၀ ခန့် ကုန်ကျခဲ့ကြောင်း ရွှေဟင်္သာရုပ်တု ပြန်လည်တပ်ဆင်ရေးကော်မတီထံမှ သိရသည်။
ပတ်အဝိုင်းနေရာမှ ဆွမ်းအုပ်ရုပ်တုကို သြဂုတ်လ ၂ ရက်နေ့က ဖယ်ရှားခဲ့ကာ ရွှေဟင်္သာရုပ်တုအဖြစ် သြဂုတ်လ ၉ ရက်နေ့က အစားထိုးပြောင်းလဲထားခြင်းဖြစ်သည်။
ရွှေဟင်္သာရုပ်တု ဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရ အဖွဲ့ဝန် ကြီးများ၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများ နှင့် မွန်သံဃာတော်များ၊ မြို့နယ် ဒေသအသီးသီးမှ မွန်လူငယ်၊ မွန်လူထုများ (၃၀ဝ၀) ဦးခန့် တက်ရောက်ခဲ့စဉ် မွန်ယဉ်ကျေးမှု ရွှေဟင်္သာယိမ်းအကများနှင့် မွန်အဆိုတော်များ ပါဝင်ဖျော်ဖြေခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။