Homeသတင်းမွန်အမျိုးသားကွန်ဖရင့်သို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တက်ရောက်မည်မဟုတ်

မွန်အမျိုးသားကွန်ဖရင့်သို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တက်ရောက်မည်မဟုတ်

-

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း လာမည့်သြဂုတ် တတိယပတ်၌ ကျင်းပမည့် မွန်အမျိုးသားကွန်ဖရင့်သို့ မွန်ဒေသလုံးဆိုင်ရာဒီမိုက ရေစီပါတီ (AMDP) အနေဖြင့် တက်ရောက်မည် မဟုတ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတစ်ရပ်တွင် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

သြဂုတ်လ (၉) ရက်နေ့က မော်လမြိုင်မြို့ ဗဟိုဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့သည့် ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ပါတီအနေဖြင့် မွန်အမျိုးသားကွန်ဖရင့်သို့ တက်ရောက်မည်မဟုတ်ကြောင်း ပါတီဒုဥက္ကဌ (၂) နိုင်ချမ်းတွဲ့က ပြောသည်။

မွန်အမျိုးသားကွန်ဖရင့်ဖြစ်မြောက်ရေးကော်မတီအစည်းအဝေး(GS)
မွန်အမျိုးသားကွန်ဖရင့်ဖြစ်မြောက်ရေးကော်မတီအစည်းအဝေး(GS)
“လက်ရှိအနေအထားအရ ပြင်ပအဖွဲ့အစည်းနဲ့ ဆက်ဆံတဲ့နေရာမှာ (၁၇/၁) မတရားအသင်း ဆက်သွယ်မှု အ သံကျယ်ကျယ်လောင်လောင် ထွက်လာတယ်။ ဒီကွန်ဖရင့် လုပ်တဲ့နေရာကလည်း မွန်ပြည်သစ်ပါတီရဲ့ နယ်မြေ အတွင်းမှာ ဖြစ်တယ်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနဲ့ (ကျင်းပတဲ့) နေရာ အခက်ခဲကြောင့် မတက် နိုင်တာ ဖြစ်တယ်” ဟု နိုင်ချမ်းတွဲ့က ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ကွန်ဖရင့်တွင် ပါဝင်နိုင်ရန် ပြီးခဲ့သည့်ဇူလိုင်လအတွင်း မွန်ပြည်သစ်ပါတီတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ AMDP အပေါ် မွန်ပြည်သစ်ပါတီ၏ သဘောထားကြေငြာချက်စာစောင် ထုတ်ပြန်ပေးရန် တောင်းဆိုမှုများရှိခဲ့သည်။

“မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ပါတီသည် မွန်အမျိုးသားအကျိုးဆောင်ပါတီတစ်ရပ်ဖြစ်ကြောင်း” မော်လမြိုင်မြို့တွင် ဇူလိုင်လအတွင်း မွန်ပြည်သစ်ပါတီသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပါတီ၏ ဆုံးဖြတ်ချက်စာစောင်ကိုလည်း ပေးပို့ခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်တွင်းရေးရာဌာနကြီးတာဝန်ခံ နိုင်ဝင်းလှက “ဒီကွန်ဖရင့်မှာက အချက်နှစ်ချက်ကို ဆွေးနွေးပါ့မယ်။ တစ်ခုက မွန်အမျိုးသားညီညွတ်ရေး၊ နောက်ထပ်တစ်ခုကတော့ အစိုးကဖက်က ဖိတ်ခေါ်နေတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံအတွက် အစီအစဉ်တစ်ခုပေါ့၊ အဲဒီမှာ အသံတစ်ခုပဲထွက်လာဖို့အတွက် ဆွေးနွေးမယ်။ ဒီနှစ်ချက်အထဲ မှာ လောလောဆယ် အရေးကြီးတာက ၂၁ ရာစုပင်လုံအတွက် ဦးစားပေးဆွေးနွေးသွားဖို့ ရှိတယ်” ဟု ဆိုပါ သည်။

မကြာမီကျင်းပမည့် မွန်အမျိုးသားကွန်ဖရင့်တွင် မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ် (၄၀) ဦး၊ ပြည်တွင်းနိုင်ငံရေးပါတီ (မွန်အမျိုး သားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ) မှ (၃၀) ဦးစီ၊ မွန်လူမှုအဖွဲ့အစည်းမှ (၄၀) ဦး သတ်မှတ်ထားကြောင်း ကွန်ဖရင့်ဖြစ်မြောက်ရေး ဒု-ဦးဆောင်ကော်မတီ မိကွန်းချမ်းနွန်က ဆိုသည်။

“ကျွန်မတို့ရဲ့ ရပ်တည်ချက်က အားလုံး ပါဝင်ရမယ်။ လောလောဆယ်က အမျိုးသားညီညွတ်ရေးကို ဦးစားပေး ဆွေးနွေးရမယ်။ အဆင်မပြေဘူးဆိုရင် ရေရှည်မှာ အခက်အခဲအများကြီးရှိလာမယ်။ ဒီကိစ္စကို အလေးထားပြီး ရှေ့ဆက်လုပ်ရမဲ့အရာတွေ ဆက်ညှိသွားရမယ်” ဟု မိကွန်းချမ်းနွန်က ဆက်ပြောသည်။

တဖက်တွင် မွန်အမျိုးသားပါတီအနေဖြင့် အဆိုပါကွန်ဖရင့်ဖြစ်မြောက်ရေးကော်မတီအဖွဲ့တွင် မပါဝင်သော်လည်း ကွန်ဖရင့်စီမံ ကွပ်ကဲရေးအဖွဲ့တွင် ပါဝင်လာခဲ့ပြီး ကိုယ်စားလှယ်ရွေးချယ်ရန်နှင့် ဖက်ဒရယ်မူအတည်ပြုရန် ဗဟိုအလုပ်အမှု ဆောင်အစည်းအဝေးကို သြဂုတ်လ (၁၃) ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

၂၁ ရာစုပင်လုံ-ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် မွန်အမျိုးသားကိုယ်စားပြု ကိုယ်စားလှယ်များ အသံတစ်ခုတည်း ထွက်ပေါ်စေရန် မွန်ပြည်သစ်ပါတီက ဦးဆောင်ပြီး မွန်အမျိုးသားကွန်ဖရင့်တစ်ရပ်ကို လာမည့်သြဂုတ် ၂၂ ရက်နေ့မှစတင်၍ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ရွာတွင် ၃ ရက်ကြာကျင်းပရန် စီစဉ်ထားသည်။

မွန်အမျိုးသားကွန်ဖရင့်(၂၀၁၃) ကို မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ၂၀၁၃ ခုနှစ် စက်တင်ဘာနောက်ဆုံးပတ်တွင် (၁) မွန်အမျိုးသားညီလာခံ Mon National Convention တစ်ခု ကျင်းပရေး၊ (၂) မွန်တစ်မျိုးသားသွေးစည်း ညီညွတ်ရေး၊(၃) ပြည်ထောင်စုတွင် အဓွန့်ရှည်သောငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရေးနှင့်(၄) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်၌ မွန်အမျိုးသားများပါဝင်ရေး စသည့်ဦးတည်ချက်(၄) ရပ်ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts