spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးဖမ်းဆီးရာမှ လူတစ်ဦးကျည်သင့်သေဆုံး

    မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးဖမ်းဆီးရာမှ လူတစ်ဦးကျည်သင့်သေဆုံး

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာအပြင်ဘက်ရှိ ကျေးရွာသင်္ချိုင်းကုန်းအနီးတွင် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲနေသည်ဟု သတင်းအရ မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ ဇူလိုင် ၁၄ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က ဝင်ရောက်ဖမ်းဆီးရာ လူတစ်ဦး သေနတ်ကျည်သင့်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။

    သေနတ်ထိမှန် သေဆုံးသူမှာ ကမ်းနီရွာသား ကိုထွန်းမြင့် အသက် (၃၀) နှစ် မွန်အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရသည်။

    “အဲဒီနေရာမှာ ဆေးသုံးစွဲနေတာ ၅ ဦး၊ ဖဲကစားနေတာ ၃ ဦး၊ သွားဖမ်းတဲ့ကျနော်တို့ရဲဘော်တွေကို မြင်တာနဲ့ တဲအိမ်ပေါ်ကနေခုန်ချထွက်ပြေးတယ်၊ မပြေးနဲ့ဆိုပြီး ဒီကသေနတ်ထောင်ပစ်တယ်၊ ဖမ်းမိတဲ့ ၅ ယောက်ကို ခေါ်လာတယ်၊ ဒဏ်ရာနဲ့တစ်ယောက်က လမ်းတဝက်မှာသေဆုံးသွားတယ်” ဟု ဒေသအခြေစိုက် မွန်ပြည်သစ်ပါတီ သထုံခရိုင်အတွင်းရေးမှူး နိုင်ကြည်စံက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဖဲဝိုင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲသည့်နေရာ(ကျိုက်မရော/မုဒုံ သတင်းစုံ (Facebook)
    ဖဲဝိုင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲသည့်နေရာ(ကျိုက်မရော/မုဒုံ သတင်းစုံ (Facebook)

    ထိုနောက် မွန်ပြည်သစ်ပါတီ ဖမ်းဆီးထိန်းသိမ်းထားသောလူငယ် ၄ ဦးကို ကျုံဒိုးအခြေစိုက် ခမရ ၅၄၆ တပ်ရင်းမှူးတောင်းဆိုချက်အရ ဇူလိုင် ၁၅ ရက်နေ့တွင် လွှဲပြောင်းပေးလိုက်ပြီဟု သူက ဆိုသည်။

    ကျုံဒိုးရဲစခန်း ရဲအုပ်ထွန်းထွန်းက “ရွာသားတွေက ရွာအပြင်သင်္ချိုင်းကုန်းမှာ ဖဲရိုက်နေကြတာပါ။ အဲဒါကို မွန် ပြည်သစ်ပါတီက ဖဲဝိုင်းကို ဝင်ဖမ်းတာပေါ့။ ဝင်ဖမ်းတော့ ပြေးတယ်။ ထွက်ပြေးတော့ သေနတ်နဲ့ ပစ်တယ်ပေါ့။ ကျည်ဆံက နောက်ကျောမှာ တစ်ချက်ထိပြီး သေဆုံးသွားတာပါ” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    သို့ရာတွင် အဆိုပါဖြစ်စဉ်တွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ ဖဲဝိုင်းဖမ်းဆီးရန်မဟုတ်ဘဲ မူးယစ်ဆေးဝါး ရောင်းဝင်သုံးစွဲနေသည်ကို သတင်းအရဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားသည့်နေရာတဝိုက်တွင် လိုင်စင်ရသကဲ့သို့ မူးယစ်ဆေးဝါးကို ဗြောင်ကျကျ ရောင်းဝယ်သုံးစွဲနေကြောင်း၊ ကမ်းနီကျေးရွာ ရပ်မိရပ်ဖနှင့် လူငယ်အဖွဲ့အစည်းများ အကြိမ်ကြိမ်လာရောက်တိုင်ကြားမှုကြောင့် မွန်ပြည်သစ်ပါတီမှ ဝင်ရောက်ဖမ်းဆီးရခြင်းဖြစ်ကြောင်း နိုင်ကြည်စံက ဆက်ပြောသည်။

    ကမ်းနီကျေးရွာ ဘုန်းတော်ကြီးဆရာတော်တစ်ပါးက “အဲဒီနေ့က ရွာမှာ အခြေအနေတော်တော်လေးရှုပ် ထွေးခဲ့တယ်။ အခုမှ နည်းနည်းပါးပါးရှင်းသွားတယ်။ မွန်ပြည်သစ်က ဘယ်လိုလုပ်ဆောင်ရွက် ပေးမလဲဆိုတာကို မသိသေးဘူး။ ရွာကိုဆင်းလာပြီးတော့ ဘယ်လိုတိုင်ပင်ဆွေးနွေးသွားဘို့ရှိတာကို အကြောင်းမပြန်ရသေးဘူး။ အဖြစ်အမှန်ကိုတော့ ခွဲခြမ်းစိတ်ဖြာနေတုန်း” ဟု မွန်သတင်းအေဂျင်စီသို့ မိန့်ဆိုသည်။

    အခင်းဖြစ်ပွားသည့် သင်္ချိုင်းကုန်းတွင် လူငယ်များက ဖဲဝိုင်းအပြင် မူးယစ်ဆေးဝါး သုံးစွဲနေကြောင်းနှင့် မွန်ပြည်သစ်ပါတီမှ သွားရောက်ဖမ်းဆီးချိန်တွင် လူငယ်များ ဖဲကစားနေကြောင်း ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

    ယခုသေဆုံးမှုတွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ ထွက်ပြေးတိမ်ရှောင်နေကြောင်း၊ မွန်ပြည်သစ်ပါတီမှ ၎င်းအား လိုက်လံ ဖမ်းဆီးနေကြောင်းနှင့် အဆိုပါအမှုအား ပုဒ်မ ၃၀၂/ ၃၆၄/ ၁၁၄၊ (ပ) ၁၈/၂၀၁၆ နှင့် အရေးယူဆောင်ရွက်နေကြောင်း ရဲအုပ်ထွန်းထွန်းက ပြောသည်။

    မွန်ပြည်သစ်ပါတီအနေဖြင့် အမျိုးသားစီမံချက်အဆင့်သတ်မှတ်၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ ပညာပေးရေး၊ ဆေးဖြတ်သူများပြန်လည်ထူထောင်ရေး အစီအစဉ်များ ဆောင်ရွက်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks