spot_img
Sunday, December 21, 2025
More
    spot_img
    Homeသတင်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNFC ထိပ်တန်းခေါင်းဆောင် ၄ ဦး ဇူလိုင် ၁၇ တွင်တွေ့ဆုံမည်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNFC ထိပ်တန်းခေါင်းဆောင် ၄ ဦး ဇူလိုင် ၁၇ တွင်တွေ့ဆုံမည်

    -

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC ဥက္ကဌအင်ဘန်လ အပါအဝင်ထိပ်တန်းခေါင်းဆောင် ၄ ဦးတို့ ဇူလိုင် ၁၇ တွင် ရန်ကုန်မြို့သို့ သွားရောက်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်

    ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပလျက်ရှိသော အဆိုပါ UNFC အရေးပေါ်အစည်းအဝေး၌ UNFC ဥက္ကဌဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌနိုင်ထောမွန်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ အေဘယ်လ်တွီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ SSPP နာယက ဗိုလ်ချုပ်ဆေထင်တို့ လေးဦး သွားရောက်တွေ့ဆုံရန် ဇူလိုင် ၁၁ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

    UNFC-CEC အရေးပေါ်အစည်းအဝေး(NST)
    UNFC-CEC အရေးပေါ်အစည်းအဝေး(NST)

    UNFC ဒု ဥက္ကဌ နိုင်ဟံသာက “၂၁ ရာစုပင်လုံ ညီလာခံ မတိုင်ခင်မှာ ကျနော်တို့ဘက်က တွေ့ဆုံဖို့ ဆန္ဒရှိတယ်။ တွေ့ဆုံဖို့ သဘောတူထားတယ်။ ၂၁ ရာစုပင်လုံတက်ဖို့ သူတို့ဖိတ်ခေါ်ထားတယ်။ ကျနော်တို့ မရှင်းလင်းတာက အဖွဲ့ဝင် အားလုံး ပါဝင်နိုင်မလား။ ပါဝင်ရင်ကော တန်းတူပါဝင်နိုင်မလား။ ဥပမာ ဆွေးနွေးခွင့်တွေ၊ ဆုံးဖြတ်ခွင့်တွေ ဘယ်လို ရှိမလဲပေါ့လေ။ အားလုုံးရှင်းရှင်းလင်းလင်းသိရအောင်ပေါ့ ”ဟု သတင်းထောက်များကို ပြောသည်။

    ၂၁ ပင်လုံရာစု ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံး ပါဝင်ရေး၊ ညီလာခံအတွင်း ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်ရှိရေးနှင့် ပတ်သက်၍ UNFC ခေါင်းဆောင်များ အဓိကထားဆွေးနွေးသွားမည်ဟု နိုင်ဟံသာက ဆိုသည်။

    သို့ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ၂၁ ရာစု ပင်လုံ- ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တက်ရောက်ခွင့်၊ သဘောထားအမြင်များ တင်ပြခွင့်ရှိသော်လည်း မဲခွဲဆုံးဖြတ်နိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးက ပြောကြားထားသည်။

    “NCA စာချုပ်မှာ လုံးဝတက်လို့မရဘူးလို့ ရေးထားတာမရှိဘူး၊ ဒါကြောင့် အဖွဲ့တွေကို တက်ခွင့်ပေးမယ်၊ သူတို့ရဲ့သဘောထားတွေကိုလည်း ထုတ်ဖော်ခွင့်ပေးမယ်၊ ဒါပေမယ့် NCA လက်မှတ်မရေးထိုးထားတဲ့အတွက် ဆုံးဖြတ်ချက်ချတာကို လုပ်လို့မဘူးဆိုတဲ့ဟာက NCA က ဖြစ်လာတာပါ” ဟု ပြောသည်။

    သမ္မတဟောင်းဦးသိန်စိန် အစိုးရလက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့သည် ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် NCA မူကြမ်းရေးဆွဲပြီးစီးခြင်းမှတ်တမ်းကို ရန်ကုန်မြို့၌ လက်မှတ်ထိုးခဲ့ပြီး ဖြစ်သည်။

    ထိုနောက် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ-RCSS/SSA၊ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့-PNLO ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PC၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ ပြီးခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ၌ NCA လက်မှတ်ရေးထိုးခဲ့ကြသည်။

    သို့ရာတွင် ရခိုင်တပ်မတော် AA, တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA/PSLF, မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA(ကိုးကန့်အဖွဲ့) တို့အား NCA လက်မှတ်ရေးထိုးရာတွင် အစိုးရပါဝင်ခွင့်မပြု ချန်လှပ်ထားသဖြင့် UNFC အဖွဲ့အနေဖြင့်လည်း NCA စာချုပ်တွင် ပါဝင်လက်မှတ်မရေးထိုးခဲ့ပေ။

    အပစ်ရပ်လက်မှတ် NCA မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့တွင် UNFC အဖွဲ့ဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO, မွန်ပြည်သစ်ပါတီ NMSP, ကရင်နီတိုးတက်ရေးပါတီ KNPP, ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/SSA, တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA/PSLF, လားဟူဒီမိုကရက်တစ်ယူနီယံ LDU, “ဝ” အမျိုးသားအဖွဲ့ချုပ် WNO, မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA(ကိုးကန့်အဖွဲ့), ရခိုင်အမျိုးသားကောင်စီ ANC နှင့် UNFC အဖွဲ့ဝင်မဟုတ်သည့် ‘ဝ’ သွေးစည်း ညီညွတ်ရေး ပါတီ UWSP/UWSA ၊ မိုင်းလားအဖွဲ့ NDAA၊ နာဂအမျိုး သားဆိုရှယ်လစ်ကောင်စီ ကပ်ပလန် NSCN-K, ရခိုင်တပ်မတော် AA စသည့်အဖွဲ့များ ပါဝင်သည်။

    နှစ်ပေါင်း ၇၀ နီးပါခန့် ပြည်တွင်းစစ်ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့ရှိရာ ၈ ဖွဲ့သာ NCA လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၁၃ ဖွဲ့မှာ လက်မှတ်မရေးထိုးနိုင်သေးပေ။

    လာမည့် သြဂုတ်လ မကုန်မီတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ၂၁ ရာစု ပင်လုံ- ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပရန် မြန်မာအစိုးရ ဆုံးဖြတ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts