Friday, March 13, 2026
More
    spot_img
    Homeသတင်းလက်နက်ကိုင် ဆက်ကြေးတောင်းအဖွဲ့ ရေးတောင်ပိုင်းတွင် ပြန်လည်ပေါ်ပေါက်

    လက်နက်ကိုင် ဆက်ကြေးတောင်းအဖွဲ့ ရေးတောင်ပိုင်းတွင် ပြန်လည်ပေါ်ပေါက်

    -

    မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးမြောက်ပိုင်း ထိစပ်ဒေသတွင် အခြေပြုလှုပ်ရှားခဲ့သည့် နိုင်လှိန်း (နိုင်လွေး) ဦးဆောင်သည့် လက်နက်ကိုင်ဆက်ကြေးတောင်းအဖွဲ့ ဇွန်လကုန်ပိုင်းတွင် လက်နက်ချပြီးနောက် ရက်ပိုင်းအတွင်း အလားတူအဖွဲ့တစ်ဖွဲ့ ပြန်လည်ပေါ်ပေါက်လာကြောင်း ဒေသခံများက ပြောသည်။

    ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးမြောက်ပိုင်း ထိစပ်ဒေသ(MNA)
    ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးမြောက်ပိုင်း ထိစပ်ဒေသ(MNA)

    ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ခံတစ်ဦးက “အခုပေါ်လာတဲ့အဖွဲ့က အရင်ကတည်းက ဒီလိုလှုပ်ရှားဘူးတယ်၊ သတင်းပျောက်နေတာ အတော်ကြာပြီ။ အလွန်၊ အဆောင်းတို့အဖွဲ့ လက်နက်ချပြီး မကြာဘူး ဒီအဖွဲ့ ပြန်ပေါ်လာတာပဲ” ဟု ပြောသည်။

    ယခုပေါ်လာသည့် လက်နက်ကိုင် ဆက်ကြေးကောက်အဖွဲ့ကို ယခင် နိုင်ချမ်းဒိန်း ဦးဆောင်သည့်အဖွဲ့တွင် လှုပ်ရှားခဲ့သည့် ပိန်တင်း ဆိုသူက ဦးဆောင်ပြီး၊ ၎င်းနှင့်အတူ ယခင်လက်နက်ကိုင် ဆက်ကြေးကောက်အဖွဲ့များနှင့် ဆက်နွယ်ပတ်သက်သူ မိလှအုန်း အပါအဝင် စုစုပေါင်း ၇ ဦးဝန်းကျင်ရှိကာ ဇွန်လကုန်ပိုင်းနှင့် ဇူလိုင်လဆန်းပိုင်းအကြား ပေါ်ပေါက်လာသည်ဟု ဒေသခံများက ပြောသည်။

    ဒေသခံများ၏ ပြောဆိုချက်အရ ၎င်းအဖွဲ့သည် ရေးမြို့နယ် တောင်ပိုင်း ခေါဇာမြို့၊ မိထော်လှာ၊ ကျုံကညာ၊ မန်းကျည်းကျေးရွာအုပ်စု စသည့်ဒေသရှိ ခြံရှင်များထံမှ တစ်ခြံလျှင် တစ်သိန်းကျပ် တောင်းခံထားပြီး ခေါဇာမြို့အခြေစိုက် ခလရ ၃၁ တပ်ရင်းက ခြံရှင်များအား ညအိပ်ညနေ ခြံသို့သွားလာခွင့်နှင့် ရွာပြင်ထွက်ခွင့် ပိတ်ထားကြောင်း သိရသည်။

    လက်နက်ကိုင် ဆက်ကြေးတောင်းအဖွဲ့များ၏ ယခင်ကျူးလွန်ခဲ့မှုများအပေါ် အရေးယူခြင်း မပြုဘဲ၊ သင်ပုန်းချေ အလင်းဝင်ခွင့် ပြုခြင်းသည် အလားတူအဖွဲ့များ ထပ်မံပေါ်ပေါက်ရန် အားပေးရာ ရောက်ပြီး၊ ဒေသခံများအတွက် မလုံခြုံမှုနှင့် စိုးရွံ့မှုကို ဖြစ်ပေါ်စေကြောင်း ရေးမြို့နေ တပ်မတော် အငြိမ်းစားဗိုလ်မှူးတစ်ဦးဖြစ်သူ ဦးအောင်နိုင်ဝင်းက သုံးသပ်ပြောဆိုခဲ့သည်။

    သူက “အလွန်၊ အဆောင်းတို့အဖွဲ့ လက်နက်ချလိုက်လို့ အေးချမ်းတော့မယ်လို့ ထင်ခဲ့ကြတာ၊ ဒီလိုအလင်းဝင်တာတွေကို ဥပဒေနဲ့အညီ အရေးယူမဆောင်ရွက်ပဲ လက်ခံနေတဲ့အပေါ်မှာ စဉ်းစားသုံးသပ်ဖို့ လိုပြီလို့ ထင်ပါတယ်” ဟု ပြောသည်။

    အထက်ပါဒေသတွင် လှုပ်ရှားခဲ့သည့် အဖွဲ့များအနက် ဇွန်လ ၂၅ ရက်နေ့တွင် နိုင်လှိန်း (နိုင်လွေး) ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့သည် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ ရေးမြို့ အခြေစိုက် စကခ (၁၉) ၌ လက်နက်ချ အလင်းဝင်ခဲ့သလို ယခင်ကလည်း အလားတူလှုပ်ရှားသည့်အဖွဲ့များ လက်နက်ချခဲ့ကြသည်။

    နိုင်မွန်ချမ်း ဦးဆောင်သည့် အဖွဲ့သည် ယခုနှစ် မေလတွင် တပ်ဖွဲ့ဝင် ၁၈ ဦး၊ လက်နက်ငယ် ၁၂ လက်နှင့်အတူ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်တွင်လည်းကောင်း၊ နိုင်ဗင်း ဦးဆောင်သည့်အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နောက်လိုက်အနည်းငယ်နှင့်အတူ ခေါဇာအခြေစိုက် ခလရ (၃၁) တွင်လည်းကောင်း အသီးသီး လက်နက်အပ်နှံခဲ့ပြီး ဖြစ်သည်။

    ၎င်းပြင် အလားတူအဖွဲ့၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည့် နိုင်ချမ်းဒိန်းသည်လည်း ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် တောတွင်းတစ်နေရာ မွန်ပြည်သစ်ပါတီက ပစ်ခတ်ဖမ်းဆီးသေဆုံးခဲ့သည်။

    သို့သော်လည်း အဆိုပါဒေသတွင် ယနေ့တိုင် လက်နက်ကိုင် ဆက်ကြေးတောင်းအဖွဲ့ ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks