spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးမူဘောင်တွင် အမျိုးသမီး ၃၀% ပါဝင်နိုင်ရေး တောင်းဆိုသွားမည်ဟုဆို

    နိုင်ငံရေးမူဘောင်တွင် အမျိုးသမီး ၃၀% ပါဝင်နိုင်ရေး တောင်းဆိုသွားမည်ဟုဆို

    -

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ညီလာခံ ဖြစ်မြောက်ရေးအတွက် အဓိကကျသော နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွင် အမျိုးသမီးများ ၃၀ ရာခိုင်နှုန်းပါဝင်ခွင့်ပြုရမည်ဆိုသည့် အချက်ကို ထည့်သွင်းနိုင်ရေး တောင်းဆိုသွားမည်ဟု အမျိုးသမီးအဖွဲ့အစည်းများက ဆိုသည်။

    မီဒီယာနှင့် လူထုအခြေပြုအဖွဲ့အစည်း CSO ဖိုရမ်(MITV News)
    မီဒီယာနှင့် လူထုအခြေပြုအဖွဲ့အစည်း CSO ဖိုရမ်(MITV News)

    ဇူလိုင် ၆ ရက်နေ့က ရန်ကုန်မြို ့၊ ParkRoyal Hotel တွင် “အမျိုးသမီး၊ မီဒီယာနှင့် ငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော မီဒီယာနှင့် လူထုအခြေပြုအဖွဲ့အစည်း CSO ဖိုရမ်တွင် အမျိုးသမီးအဖွဲ့အစည်းများက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

    “နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို လိုအပ်ရင် ပြင်မယ်လို့အဲလိုအသံထွက်နေတယ်၊ ပြင်မယ် မပြင်ဘူး မသိသေးဘူး၊ တကယ်လို့ မူဘောင်ကို ပြင်ဆင်ရေးဆွဲမယ်ဆိုရင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဖို့ တောင်းဆိုသွားမယ်၊ ကြိုးပမ်းဆောင်ရွက်သွားရန် ဆိုတဲ့ စကားအစား ပါဝင်ခွင့်ပြုရမယ်ဆိုတဲ့ စကားလုံးနဲ့ အစားထိုး တောင်းဆိုသွားမယ်၊ ဒါပေမယ့် အဲဒီ ကြိုးပမ်းဆောင်ရွက်သွားရန် ဆိုတဲ့ စကားလေး ထည့်သွင်းပေးဖို့တောင် မနည်း တောင်းဆိုခဲ့ရတယ်”ဟု ငြိမ်းဖောင်းဒေးရှင်းမှ ငြိမ်းချမ်းရေးအတွက် လူမှုပေါင်းစည်းရေး အစီအစဉ်မန်နေဂျာ ဒေါ်နန်းရှန်က ဆိုသည်။

    သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကို ဖွဲ့စည်း၍ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

    “ကြည့်လိုက်ရင် အမျိုးသားတွေက အိမ်ထောင် ဦးစီးလို့ လုပ်ထားတာ အမျိုးသမီးတွေက အိမ်မှာ အကုန်လုပ်ပေးရတာ၊ ဒါကြောင့် အိမ်တစ်အိမ်မှာ အမျိုးသမီးတွေက ခေါင်းဆောင်လုပ်နိုင်ရင် တခြားမှာကော မလုပ်နိုင်ဘူးလား၊ ကျွန်မတို့ ၃၀ ရာခိုင်နှုန်းတောင်းတာ မရလို့ပါ၊ ရရင်တောင်းစရာမလိုပါဘူး၊ ဒီလိုရအောင်လည်း လုပ်ပေးစေချင်ပါတယ်၊ အမျိုးသမီးက အိမ်ထောင်ဦးစီးပဲ” ဟု Women’s Federation For Peace (WFFP) မှ ဒေါ်သူဇာတင်က ဆိုသည်။

    လက်ရှိ ရေးဆွဲထားသော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၏ အခန်း (၂) အခြေခံမူများဆိုသော ပြဌာန်းချက် (ည)၌ နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီးကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားရန် ဆိုသည့် အချက်ကိုထည့်သွင်း ရေးဆွဲထားသည်။

    “ဘာလို့ ၃၀ ရာခိုင်နှုန်းပဲ တောင်းလဲ၊ သတ်မှတ်တာမကောင်းဘူး၊ ပိုပြီးတောင်းသင့်တယ်၊ ကြိုးစားသင့်တယ်၊ လမ်းဖွင့်ပေးသင့်တယ်၊ အရည်အချင်းပေါ်မှာပဲ သတ်မှတ်စေချင်တယ် ကျနော့်အိုင်ဒီယာက အမျိုးသမီး ၁၀ဝ က အရည်အချင်းရှိရင် ၁၀ဝ လုံးက ခေါင်းဆောင်လုပ်သင့်တယ်၊ အရည်အချင်းရှိရင် ၃၀ ရာခိုင်နှုန်းမှ မဟုတ်ပါဘူး”ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

    ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးမှု ပူးတွဲကော်မတီ UPDJC ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြင်ဆင်သုံးသပ်ခြင်းနှင့်ပတ်သက်ပြီး ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း NCA လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကိုယ်စားလှယ်များထံမှ သိရသည်။

    အဆိုပါ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အား အစိုးရသစ်လက်ထက်တွင် ပြင်လွယ်ပြောင်းလွယ်ဖြစ်ရန် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စသည့်အစုအဖွဲ့များမှ သဘောတူ ရေးဆွဲပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ နေပြည်တော်၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပခဲ့သည်။

    အလားတူ ဂျနီဗာတွင်ကျင်းပနေသော ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူညီချက်ဆိုင်ရာ (CEDAW) ညီလာခံ၌ “လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး ကြိုးပမ်းမှုတွင် အမျိုးသမီးများပိုမိုပါဝင်ခွင့် ရရှိစေရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် အမျိုးသမီးကိ်ုယ်စားလှယ် ၃၀ ရာခိုင်နှုန်းပါဝင်ရန် သဘောတူခဲ့သော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဖွဲ့စည်းခဲ့သည့်ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ကော်မတီများတွင် အမျိုးသမီးပါဝင်မှုအလွန်အားနည်းနေကြောင်း” နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ HRW က ထောက်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks