spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းရွှေ့ပြောင်းအိမ်ထောင်စုစာရင်းရပ်ဆိုင်းပေးရန်အဆို မွန်ပြည်နယ်လွှတ်တော်မှတ်တမ်းအဖြစ်ထားရှိ

    ရွှေ့ပြောင်းအိမ်ထောင်စုစာရင်းရပ်ဆိုင်းပေးရန်အဆို မွန်ပြည်နယ်လွှတ်တော်မှတ်တမ်းအဖြစ်ထားရှိ

    -

    ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး တတိယနေ့(ဇွန် ၂၉) ရက်တွင် ချောင်းဆုံမဲဆန္ဒနယ်၊ အမှတ် ၁ မဲဆန္ဒနယ် AMDP ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက “အိမ်ထောင်စုစာရင်းထုတ်ပေးသည့် ကိစ္စရပ်အား ရပ်ဆိုင်းပေးရန် တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်မှတ်တမ်းအဖြစ်ထားရှိရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    (မွန်အမျိုးသားဝတ်စုံဝတ်ဆင်ထားသူ) ဒေါက်တာ အောင်နိုင်ဦး(Naiaung Naing FB)
    (မွန်အမျိုးသားဝတ်စုံဝတ်ဆင်ထားသူ) ဒေါက်တာ အောင်နိုင်ဦး(Naiaung Naing FB)

    အစိုးရအနေဖြင့် အပြီးတိုင်ရွှေ့ပြောင်းနေထိုင်သူတွေကိုသာ အိမ်ထောင်စုစာရင်းချထားပေးသွားမည် ဖြစ်သည့်အတွက် ၄င်းအဆိုသည် လွှတ်တော်၌ဆွေးနွေးရန် မလိုအပ်သောကြောင့် အဆိုရှင်အနေဖြင့် ပြန်လည်ရုတ်သိမ်းပေးရန် မွန်ပြည်နယ်အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီး ဦးဝဏ္ဏကျော်မှ လွှတ်တော်သို့တင်ပြသဖြင့် အခြေအတင်ဆွေးနွေးကြရာမှ မဲခွဲဆုံးဖြတ်မည့်အနေအထားဖြစ်ခဲ့ပြီး နောက်ဆုံးတွင် မှတ်တမ်းအဖြစ်ထားရှိရန် သဘောတူညီကြခြင်း ဖြစ်သည်။

    ဒေါက်တာ အောင်နိုင်ဦးက “မဲခွဲမယ်လုပ်တော့ နယ်လုံက မှတ်တမ်းထားဖို့ အကြံပြုတယ်၊ ဒါနဲ့ ကျွန်တော်က ဝန်ကြီးက မလုပ်ခဲ့ဘူး၊ မလုပ်ပါဘူး၊ နောင်လည်း မလုပ်ဘူး ဆိုတဲ့ ပြောပြချက်ကို လွှတ်တော်က ကောင်းကောင်းမှတ်ထားပေးပြီး ဒီကြားထဲ အောက်ခြေမှာ တွေ့ရှိပါက ဒီလွှတ်တော်မှာ ထပ်ပြီး ဆွေးနွေးတင်ပြမယ် ၊ ဝန်ကြီးကလည်း ဒါကို တာဝန်ယူရှင်းပေးဖို့ ကတိအနေနဲ့ ကျွန်တော်တောင်းပါတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဒေါက်တာ အောင်နိုင်ဦး၏အဆိုကို မွန်အမျိုးသားပါတီမှ ဒေါက်တာမင်းစိုးလင်း(ရေး ၁)၊ NLD ပါတီမှ ဦးချစ်တင်(ရေး ၂)၊ ပြည်ခိုင်ဖြိုးပါတီမှ မင်းအောင်မွန်(ကျိုက်မရော ၂)၊ NLD ပါတီမမှ ဒေါ်ခိုင်ခိုင်လဲ့(သထုံ ၂) တို့ ထောက်ခံဆွေးနွေးခဲ့သည်ဟု သိရသည်။

    “ဒီကြားထဲ ရွှေ့ပြောင်းအိမ်ထောင်စုစာရင်းထုတ်ပေးတဲ့အစီအစဉ် ခိုင်မာတဲ့ အချက်အလက်ရရင် ဒီလွှတ်တော်မှာ နောက်ထပ် ဆွေးနွေးသွားမယ်၊ ဆက်ပြီးစောင့်ကြည့်ရမှာပဲ၊ လွှတ်တော်ဥက္ကဋ္ဌကြီးအနေနဲ့ ဒီအချက်ကို လက်ခံပေးဖို့ ကျွန်တော်အနေနဲ့ တောင်းဆိုပြီး မှတ်တမ်းတင်တာကို ဆုံးဖြတ်ခဲ့တယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

    အဆိုပါရွှေ့ပြောင်းဝင်ရောက်လာသူများအနက် ၆ လမပြည့်နေထိုင်သူများအား ယာယီနေထိုင်သူများဟု သတ်မှတ်၍စာရင်းကောက်ယူထားမည်ဖြစ်သော်လည်း ၆ လမှ ၃ နှစ်အတွင်းနေထိုင်သူများကို သာမန်ရွှေ့ပြောင်းများဟု သတ်မှတ်ပြီး အိမ်ထောင်စုစာရင်းထုတ်ပေးမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လဝကအရာရှိတစ်ဦးက ပြောသည်။

    သာမန်ရွှေ့ပြောင်းဝင်ရောက်လာများသည် လက်လုပ်လက်စားများဖြစ်သည့်အတွက် ၄င်းတို့၏ ပုံစံ ၁၀ အထွက်ကို ပြန်မယူနိုင်ကြကြောင်း၊ ရွှေ့ပြောင်းစီမံချက်အစီအစဉ်ဖြင့် သက်ဆိုင်ရာမြို့နယ်တွင် အိမ်ထောင်စုစာရင်းရှိမရှိ စာရင်းအရင်ကောက်ခံမည်ဖြစ်ကြောင်း၊ ယခင်အိမ်ထောင်စုစာရင်းမရှိခဲ့သော်လည်း သက်ဆိုင်ရာမြို့နယ်တွင် နေထိုင်ခဲ့ခြင်းမှန်ကန်ပါက အိမ်ထောင်စုစာရင်း ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

    ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ် မဲပေးခွင့်သူဦးရေစာရင်းအရ ၁၀ သိန်းကျော်ရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ ၁၅ သိန်းကျော်(၁,၅၃၄,၄၈၆ ဦး) ဖြစ်လာတဲ့အတွက် ၅ နှစ်အတွင်း မဲပေးနိုင်သူ ၅ သိန်းတိုးပွားလာခြင်းသည် ရွှေ့ပြောင်းအလုပ်သမားအရေအတွက် အဆမတန်တိုးပွားလာခြင်းကြောင့်ဟု မွန်အရေးစောင့်ကြည့်သူများက ထောက်ပြသည်။

    မွန်ပြည်နယ်တွင်း ရွှေ့ပြောင်းဝင်ရောက်လာသူ ၃ သိန်း ၄ သောင်းကျော်(၃၄၂,၁၈၉) ရှိကြောင်း ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းစစ်တမ်းတွင် ဖော်ပြထားပြီး ဧရာဝတီ၊ ပဲခူးတိုင်းနှင် အညာဒေသမှ ဗမာတိုင်းရင်းသားအများဆုံးဖြစ်သည်ဟု လေ့လာတွေ့ရှိရသည်။

    အစိုးရသစ်၏ ရက် ၁၀ဝ စီမံကိန်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသတစ်ခုမှ ၆ လနှင့်အထက် ရွှေ့ပြောင်းနေထိုင်သူများကို အိမ်ထောင်စုစာရင်းထုတ်ပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက “သစ္စာစီမံချက်” စီမံချက်ကို အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

    အလားတူ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် SNLD သည် ပြန်လည်ကျင်းပမည့်လွှတ်တော် အစည်းအဝေးများသို့ တင်ပြကန့်ကွက်သွားရန် ပြင်ဆင်လျက်ရှိပြီး ထိုသို့ “အိမ်ထောင်စုစာရင်း ထုတ်ပေးမည့် အစီအစဉ်သည် လာမည့်ရွေးကောက်ပွဲများအတွက် မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်နေခြင်းလော” စသည့် မေးခွန်းများထွက်ပေါ်လာခဲ့သည်။

    ကျင်းပနေဆဲဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ထို့အစည်းအဝေးတွင် အဆို ၄ ခုနှင့် မေးခွန်းပေါင်း ၂၀ ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသွားမည်ဖြစ်ကြောင်း၊ လွှတ်တော်အစည်းအဝေး ၄ ရက်ကြာပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ရုံးမှ သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks