spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်း၂၁ ရာစုပင်လုံညီလာခံအကြို မွန်လူမှုအဖွဲ့အစည်းများ ဆွေးနွေးကြမည်

    ၂၁ ရာစုပင်လုံညီလာခံအကြို မွန်လူမှုအဖွဲ့အစည်းများ ဆွေးနွေးကြမည်

    -

    မွန်ပြည်နယ်အခြေစိုက် မွန်လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သော “ (၂၁) ရာစု ပင်လုံညီလာခံအကြို၊ မွန်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ” တစ်ရပ်ကို လာမည့် ဇူလိုင်လ ၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ ပိုင်ခေတ်ခန်းမတွင် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

    မွန် CSO ဆွေးနွေးပွဲအစီအစဉ်(copy)
    မွန် CSO ဆွေးနွေးပွဲအစီအစဉ်(copy)

    အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံရေး အခန်းကဏ္ဍ နှင့် ဆက်စပ်၍ အားလုံးပူးပေါင်းပါဝင်နိုင်သော မွန်ပြည်သူ လူထုအသံ ဖော်ထုတ်နိုင်ရန်၊ အခြေခံ ပြည်သူလူထုများ၏ အသံများအား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် တင်ပြသွားနိုင်ရန်၊ (၂၁) ပင်လုံညီလာခံသို့ တက်ရောက်ခွင့်ရရှိသည့် မွန်အမျိုးသားကိုယ်စားပြု အဖွဲ့အစည်းများသို့ မျှဝေတင်ပြပြီး တက်ရောက်ဆွေးနွေးနိုင်ရန်၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးကဏ္ဍတွင် တိုင်းရင်းသားများအားလုံး တန်းတူညီမျှသည့် အခြေခံအမြင်နှင့် ရပ်တည်ချက်များ ညှိနှိုင်းဆွေးနွေး တင်ပြနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသွားမည်ဟု ဆိုသည်။

    ကျင်းပရေးကော်မတီဝင် နိုင်ကောင်းလဝီ က “လူမှု အဖွဲ့အစည်းအများစုက ပြည်သူလူထုနဲ့ ပိုပြီး နီးစပ်တယ်ဆိုတော့ ပြည်သူလူထုရဲ့အသံ ဘယ်လိုရှိလဲဆိုတာ ဆွေးနွေးပွဲ Forum လုပ်ပြီးတော့မှ (၂၁) ရာစု ပင်လုံညီလာခံ တက်ရောက်ခွင့်ရရှိတဲ့ မွန်ကိုယ်စားလှယ်တွေကို ပေးပို့သွားမယ်” ဟုပြောသည်။

    ယင်းဆွေးနွေးပွဲတွင် လူငယ် နှင့် မူးယစ်ဆေးဝါး၊ အမျိုးသမီးကဏ္ဍ၊ လူ့အခွင့်အရေး ဒုက္ခသည်များဆိုင်ရာ မူဝါဒသဘောထား၊ မြေယာ၊ သဘာဝသယံဇာတခွဲဝေမှု၊ ရင်းနှီးမြှပ်နှံမှု၊ ပညာရေးကဏ္ဍ၊ အရပ်သား အပစ်အခတ်ရပ်စဲမှုစောင့်ကြည့်လေ့လာရေးကဏ္ဍ စသည့် အခန်းကဏ္ဍများကို ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် ထွက်လာသည့် ရလဒ်များကို ညီလာခံ တက်ရောက်ခွင့်ရရှိသည့် မွန်ပါတီ ကိုယ်စားလှယ်များအား ပေးပို့သွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

    တွေ့ဆုံဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီ ကိုယ်စားလှယ်များက ၄င်းတို့၏ (၂၁) ရာစု ပင်လုံညီလာခံ အပေါ် အမြင်သဘောထား နှင့် ဖက်ဒရယ်မူများအပေါ် ရပ်တည်သည့် သဘောထားများကိုလည်း တင်ပြသွားမည်ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲ အစီအစဉ်တွင် ဖော်ပြထားသည်။

    အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြုမြို့နယ်ရှိ လူမှုအဖွဲ့အစည်းများ အပါအဝင် မွန်လူမှုအဖွဲ့အစည်းပေါင်း ၁၂၀ ခန့် ဖိတ်ကြားထားကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) ကို ၂၀၁၆ ခုနှစ် သြဂုတ်လနောက်ဆုံးပတ်တွင် ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks