spot_img
Sunday, December 21, 2025
More
    spot_img
    Homeသတင်းရေးမြို့နယ် တောင်ပိုင်းမှ ဓါးပြလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ တပ်မတော်ထံ လက်နက်ချ

    ရေးမြို့နယ် တောင်ပိုင်းမှ ဓါးပြလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ တပ်မတော်ထံ လက်နက်ချ

    -

    မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း မြောက်ပိုင်း ထိစပ်ဒေသတွင် အခြေပြုလှုပ်ရှားနေသည့် အလွန်၊ အဆောင်း ဦးဆောင်သည့် ဓါးပြလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဇွန်လ ၂၅ ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ ရေးမြို့ အခြေစိုက် စကခ ၁၉ ၌ လက်နက်ချခဲ့သည်။

    ရတခ တိုင်းမှူးထံ ဓါးပြခေါင်းဆောင် နိုင်လှိန်း လက်နက်အပ်နှံစဉ်(AK)
    ရတခ တိုင်းမှူးထံ ဓါးပြခေါင်းဆောင် နိုင်လှိန်း လက်နက်အပ်နှံစဉ်(AK)
    မွန်သတင်းအေဂျင်စီ
    ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်ဖက်က လက်နက်ချအဖွဲ့ကို ရေးမြို့နယ်ရှိ ကျိုက်မင်းမလော့တောင်ခြေမှ စကခ ၁၉ သို့ ကြိုဆိုလာခဲ့ပြီးနောက် လူအင်အား ၂၀ ဦးနှင့်အတူ လက်နက်ငယ် ၁၀ လက်၊ ခဲယမ်းမီးကျောက်များဖြင့် လက်နက်အပ်နှံခဲ့ခြင်း ဖြစ်သည်။

    လက်နက်ချအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “၂၄ ရက်နေ့ကတည်းက ဒီပွဲလုပ်ဖို့ စီစဉ်ခဲ့တာပဲ။ ဒါပေမဲ့ လူအင်အား လက်နက်အင်အားအတွက် စီစဉ်နေရလို့ တစ်ရက်နောက်ကျသွားတယ်” ဟု ပြောသည်။

    လက်နက်ချအဖွဲ့နှင့် နီးစပ်သူများ၏ အဆိုအရ ကနဦးတွင် လူအင်အား ၁၅ ဦး၊ လက်နက် ၁၄ လက်နှင့်အတူ ဇွန်လ ၂၄ ရက်နေ့တွင် လက်နက်အပ်နှံပွဲ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အင်အား ၂၀ ပြည့်မီရန် ထပ်မံစုဆောင်းရခြင်းကြောင့် ၂၅ ရက်နေ့ရောက်မှ လက်နက်ချပွဲ ပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။

    လက်နက်ချသူများကို နိုင်အလှိန်း၊ နိုင်အလွန်နှင့် နိုင်အဆောင်းတို့က ဦးဆောင်ခဲ့ပြီး အပ်နှံသည့် လက်နက်ခဲယမ်းနှင့် စပ်ဆက်အသုံးအဆောင်ပစ္စည်းများတွင် M-16 အတို (၁) လက်၊ အရှည် (၂) လက်၊ AK-47 အရှည် (၁) လက်၊ ခေါက်ဒင် AK (၂) လက်၊ ကာဘိုင် (၁) လက်၊ ပစ္စတို (၂) လက်၊ တစ်လုံးထိုးပစ္စတို (၁) လက် စုစုပေါင်း လက်နက်ငယ် (၁၀) လက်၊ လက်နယ်ငယ်ကျည်မျိုးစုံ (၂၄၃) တောင့်၊ ကျည်ကဒ် (၁၂) ခု၊ လက်ပစ်ဗုံး (၅) လုံး၊ လက်လုပ်မိုင်း (၃) လုံးနှင့် စကားပြောစက် (၂) လုံး ပါဝင်သည်ဟု အပ်နှံပစ္စည်း စာရင်းအရ သိရသည်။

    လက်နက်အပ်နှံပြီးနောက် အဖွဲ့ခေါင်းဆောင် နိုင်အလှိန်း က ၎င်းတို့၏ လုပ်ရပ်များအတွက် ၎င်းတို့လှုပ်ရှားခဲ့ရာဒေသမှ ပြည်သူများအား ဝန်ချတောင်းပန်စကား ပြောဆိုပြီး၊ သံဃာတော်များအား ကန့တော့တောင်းပန်ခဲ့ကြသည်။

    “နိုင်ငံတော်သို့ အပြီးအပိုင် လက်နက်အပ်နှံ အလင်းဝင်ပွဲနှင့် ပြည်သူလူထုအား ဝန်ချတောင်းပန်ပွဲ အခမ်းအနား” သို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မွန်ပြည်နယ် အစိုးရအဖွဲ့ နယ်/လုံဝန်ကြီး၊ ဌာနဆိုင်ရာများ၊ ဒေသခံ သံဃာတော်များနှင့် ပြည်သူများ ရာချီ တက်ရောက်ကြပြီး၊ သတင်းမီဒီယာအချို့ ဝင်ရောက်သတင်းယူခွင့် မရှိခဲ့ကြောင်း သိရသည်။

    အခမ်းအနား တက်ရောက်သူတစ်ဦးက “နိုင်ငံပိုင် သတင်းစာနဲ့ မွန်ပြည်နယ်အတွင်းက သတင်းမီဒီယာတွေကိုပဲ ဝင်ခွင့်ပြုတယ်” ဟု ပြောသည်။

    အခမ်းအနားအတွင်းသို့ ဝင်ရောက်သတင်းယူခွင့် ရရှိကြသည့် သတင်းမီဒီယာများတွင် မြန်မာ့အလင်း၊ မော်လမြိုင် အခြေစိုက် သံလွင်တိုင်းမ်ဂျာနယ်နှင့် ရေးမြို့ အခြေစိုက် ရေးတော်ဝင် သတင်းလွှာများ ဖြစ်ကြပြီး၊ ကျန်သတင်းဌာနများမှ သတင်းထောက်များ ဝင်ခွင့်မရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

    အလင်းဝင်အဖွဲ့အား မည်ကဲ့သို့ စီစဉ်နေရာချထားပေးမည်ကို မသိရသေးသော်လည်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ထိစပ်ဒေသတစ်နေရာတွင် စီစဉ်နေရာချထားပေးမည်ဟု လက်နက်ချအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

    ယခင်က မွန်ပြည်သစ်ပါတီ လှုပ်ရှားရာဒေသဖြစ်သည့် ရေးမြို့နယ် တောင်ပိုင်းသည် ၁၉၉၅ ခုနှစ် နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း တပ်တည်နေရာ ချထားရေး သတ်မှတ်ချက်ကြောင့် မွန်ပြည်သစ်အနေနှင့် ဆက်လက်လှုပ်ရှားခွင့် မရတော့ဘဲ ဆက်ကြေးတောင်း ပြန်ပေးဆွဲသည့် လက်နက်ကိုင် အဖွဲ့ငယ်များ ၃ ဖွဲ့ထက်မနည်း အသီးသီး ပေါ်ပေါက်လာခဲ့ရာတွင် နိုင်အလှိန်း၊ နိုင်အလွန်နှင့် နိုင်အဆောင်းတို့အဖွဲ့လည်း ပါဝင်သည်။

    ၎င်းတို့သည် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နောက်လိုက်အနည်းငယ်နှင့်အတူ ခေါဇာ အခြေစိုက် ခလရ (၃၁) တွင် လက်နက်ချခဲ့သည့် အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ နိုင်ဗင်းနှင့် ညီအစ်ကို တော်စပ်သူများ ဖြစ်ပြီး၊ သီးခြားစီ လှုပ်ရှားကြသူများ ဖြစ်ကြသည်။

    ၎င်းပြင် တပ်မတော်၏ အစီအစဉ်ဖြင့် ရေးတောင်ပိုင်းတွင် လှုပ်ရှားခဲ့သည့် ဓားပြအဖွဲ့ကို နှိမ်နင်းရန်အတွက် ၂၀၁၄ ခုနှစ်တွင် နိုင်ဗင်းအဖွဲ့သို့ ရောက်ရှိခဲ့သူ ဒုခေါင်းဆောင် နိုင်မွန်ချမ်းသည်လည်း နောက်ပိုင်းတွင် နိုင်ဗင်းအဖွဲ့မှ ခွဲထွက်ကာ ဆက်ကြေးကောက်ခြင်း၊ ပြန်ပေးဆွဲခြင်းဖြင့် ထိုဒေသတွင် ဆက်လက်လှုပ်ရှားခဲ့ပြီး၊ ယခုနှစ် မေလတွင် တပ်ဖွဲ့ဝင် ၁၈ ဦး၊ လက်နက်ငယ် ၁၂ လက်ဖြင့် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်တွင် လက်နက်အပ်နှံခဲ့ပြီး ဖြစ်သည်။

    အထက်ပါဒေသတွင် လှုပ်ရှားခဲ့သည့် လက်နက်ကိုင်အဖွဲ့များအနက် အဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်သည့် နိုင်ချမ်းဒိန်းကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် မွန်ပြည်သစ်ပါတီက တောတွင်းတစ်နေရာတွင် ဖမ်းဆီးရမိပြီး ထွက်ပြေးပစ်ခတ်ရာမှ သေဆုံးခဲ့သည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

    မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း မြောက်ပိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲအတွင်းရှိ ကျေးရွာများမှ ပြည်သူများသည် ၎င်းလက်နက်ကိုင် အဖွဲ့ငယ်များနှင့် တပ်မတော်အကြား ကာလကြာရှည် မြေဇာပင် ဖြစ်ခဲ့ကြရပြီး၊ ယခုကဲ့သို့ လက်နက်ကိုင်အဖွဲ့ငယ်တစ်ဖွဲ့ ထပ်မံလက်နက်ချခဲ့ပါက ဒေသခံများအနေနှင့် ငွေကြေးပေးဆောင်ရသည့် ဝန်ထုပ်ဝန်ပိုး အပါအဝင် အေးချမ်းစွာ လုပ်ကိုင်စားသောက်ခွင့် ရရှိလာလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ သို့သော်လည်း လက်နက်ကိုင်အဖွဲ့ငယ်များ ထပ်မံပေါ်ပေါက်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts