spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းရွေ့ပြောင်းအိမ်ထောင်စုစာရင်းစီမံချက် မွန်ဝန်ကြီးချုပ်ပြန်လည်သုံးသပ်ရန် မွန်အသင်းအဖွဲ့များတောင်းဆို

    ရွေ့ပြောင်းအိမ်ထောင်စုစာရင်းစီမံချက် မွန်ဝန်ကြီးချုပ်ပြန်လည်သုံးသပ်ရန် မွန်အသင်းအဖွဲ့များတောင်းဆို

    -

    မွန်ပြည်နယ်အတွင်း ဝင်ရောက်အလုပ်လုပ်လျက်ရှိသော ရွေ့ပြောင်းလုပ်သားများအား အိမ်ထောင်စုစာရင်း ထုတ်ပေးသည့် စီမံချက်အား ပြန်လည်သုံးသပ်ရန် မွန်အသင်းအဖွဲ့များက မွန်ပြည်နယ် ဝန်ကြီးချုပ်ထံ တောင်းဆိုစာ ရေးသားပေးပို့ထားကြောင်း သိရသည်။

    မွန်အသင်းအဖွဲ့များ ဝန်ကြီးချုပ်ထံတင်ပြစာ(Copy)
    မွန်အသင်းအဖွဲ့များ ဝန်ကြီးချုပ်ထံတင်ပြစာ(Copy)

    မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသောပြည်သူတို့၏ဘဝကို အကြီးအကျယ်ခြိမ်းခြောက်လာသောကြောင့် အဆိုပါစီမံချက်အား ပြန်လည်သုံးသပ်ပေးရန် မွန်အသင်းအဖွဲ့များ စုပေါင်းလက်မှတ်ရေးထိုးတောင်းဆိုအပ်ပါ သည်ဟု ယင်းစာတွင် ဖော်ပြထားသည်။

    ဦးဆောင်တောင်းဆိုသူ မုဒုံမြို့နယ်၊ မွန်လူငယ်အသင်း ဥက္ကဌ နိုင်ထွန်းမြင့်က “ဒီကိစ္စက အမျိုးသားရေးအတွက် အန္တရာယ် ဖြစ်လာနိုင်တယ်။ လူမျိုးကြီးဝါဒနဲ့ တိုင်းရင်းသားတွေအပေါ် လွမ်းမိုးမှု တိုက်ရိုက်ဖြစ်တယ်။ ဒီကိစ္စက အစိုးရအနေနဲ့ ရပ်တန့်ပေးဖို့ တောင်းဆိုပါတယ်”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထို့အပြင် မွန်ပြည်နယ်အစိုးရအနေဖြင့် ၎င်းတို့အဖွဲ့ကို လက်ခံတွေ့ဆုံဆွေးနွေးနိုင်ပါရန် တင်ပြထားပြီး ယင်းကဲ့သို့အိမ်ထောင်စုစာရင်းထုတ်ပေးမှုကို ဒေသခံပြည်သူများထံ ပွင့်လင်းမြင်သာစွာမချပြပါက အင်အားဖြင့် ဆန္ဒပြသွားရန် စီစဉ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

    မွန်အသင်းအဖွဲ့ ၁၆ ဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အခြားပုဂ္ဂိုလ်တို့ လက်မှတ်ရေးထိုးကာ အချက် (၇) ချက်ပါ မွန်ဝန်ကြီးချုပ်ထံပေးပို့စာမိတ္တူတွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး၊ လွှတ်တော်အသီးသီးနှင့် ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း ပေးပို့သည်ဟု တွေ့ရှိရသည်။

    မွန်ပြည်နယ်အတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်လာသူများ အရေအတွက်တိုးပွားလာခြင်းသည် နေရပ်ရင်း လူဦးရေအပေါ် လွှမ်းမိုးလာသည့် အနေအထားဖြစ်စေပြီး မူလဒေသအတွင်းရှိ တိုင်းရင်းသားများအပေါ် နိုင်ငံရေးဂုဏ်သိက္ခာနှင့် အခန်းကဏ္ဍပျောက်ကွယ်စေသည့်အတွက် လူမျိုးရေးပဋိပက္ခသို့ ဦးတည်သွားနိုင်ခြင်းတို့ကြောင့် သေချာစိစစ်ပြီးမှာသာ ရွှေ့ပြောင်းအိမ်တောင်စုစာရင်းထုတ်ပေးဆောင်ရွက်သင့်ကြောင်း ဆက်လက်ရေးသားထားသည်။

    ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စုစာရင်းများ ထုတ်ပေးရာတွင် လူတစ်ဦး အိမ်ထောင်စုစာရင်း ထပ်မသွားရန်သာ လိုအပ်ကြောင်း၊ ရွှေ့ပြောင်းလုပ်သမားများအကြား မှုခင်းကျဆင်းအတွက် မူးယစ်ဆေးဝါးကိစ္စကိုလည်း အလေးထားဆောင်ရွက်သင့်ကြောင်း ရေးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

    ရေးမြို့နယ် အစင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုးက “ရွေ့ပြောင်းလုပ်သားစာရင်းကို ကျွန်တော်တို့ နယ်မြေအလိုက် ယူထားတယ်။ (လဝက) က အိမ်ထောင်စုစာရင်း လာလုပ်ပေးမယ်လို့ ပြောတယ်။ အခု (လဝက) က ကွင်းဆင်းပြီး လုပ်ပေးနေတယ်။ ဒီရွာကို မရောက်သေးဘူး” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဒေသတွင်းသို့ ရွေ့ပြောင်းလုပ်သားများ ရောက်ရှိလာပြီးနောက် ဒေသတွင်အေးချမ်းတည်ငြိမ်မှုပျက်ပြားကာ ခိုးမှု၊ လုယက်မှု၊ လူသတ်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ လိင်ပိုင်းဆိုင်ရာပြစ်မှုများ ခြိမ်းခြောက်အကျပ်ကိုင်မှု များ ထူပြောလာကြောင်း စသည့်အချက်များကိုလည်း သူကထောက်ပြသည်။

    မွန်ပြည်နယ်အစိုးရ၏ ရက် ၁၀၀ စီမံကိန်းတွင် ရွှေ့ပြောင်းလုပ်သားများအတွက် အိမ်ထောင်စုစာရင်း ထုတ်ပေး သည့် စီမံချက်ပါဝင်၌ (၆) လနှင့် (၈) လအထက် နေထိုင်သူများကို ယာယီအိမ်ထောင်စုစာရင်းနှင့် (၅) နှစ်အထက် နေထိုင်သူများကို အိမ်ထောင်စုစာရင်း ပြုလုပ်ပေးမည်ဟု သိရသည်။

    ၂၀၁၄ သန်းခေါင်စာရင်းဖော်ပြချက်အရ မွန်ပြည်နယ်လူဦးရေစုစုပေါင်း ၂၀ သိန်းကျော်(၂,၀၅၄,၃၉၃) ဦးရှိသည့်အနက် တရားဝင်/တရားမဝင် ပြည်ပရောက်ရှိနေသူ ၄ သိန်း ၂ သောင်းကျော်(၄၂၆,၅၈၆) ရှိကြောင်း၊ မွန်ပြည်နယ်အတွင်း စာရင်းပေးသွင်းထားသူ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၃ သိန်း ၄ သောင်းကျော်(၃၄၂,၁၈၉ ဦး) ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks