Homeသတင်းပိုင်ရှင်မဲ့သစ်တန်နှစ်ရာကျော် မွန်ပြည်နယ်တွင် နှစ်လအတွင်းဖမ်းဆီးရမိ

ပိုင်ရှင်မဲ့သစ်တန်နှစ်ရာကျော် မွန်ပြည်နယ်တွင် နှစ်လအတွင်းဖမ်းဆီးရမိ

-

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ၂၀၁၆ ခုနှစ် ဧပြီလနှင့် မေလ နှစ်လတာကာလအတွင်း ပိုင်ရှင်မဲ့သစ်များ တန်ချိန် ၂၀၂ တန်ကျော် ဖမ်းဆီးရမိသည်ဟု မွန်ပြည်နယ်သစ်တောဦးစီးဋ္ဌာန ညွန်းကြားရေးမှူးရုံးမှ သိရသည်။

မွန်ပြည်နယ် သစ်တောရုံး(MNA)
မွန်ပြည်နယ် သစ်တောရုံး(MNA)

ဧပြီလ၌ သစ် ၁၀ တန်ကျော်ရှိသည့် ပိုင်ရှင်မဲ့ (အခြားသစ်) သစ်လုံး ၄၄ ချောင်းနှင့် ၃၈၇ ခြမ်း၊ မေလ၌ သစ်မာ ၂၅ တန်ကျော်ရှိ သစ်လုံး ၂၂၉ ချောင်းနှင့် အခြားသစ်လုံး ၆၁၈ ချောင်း ၁၆၀ တန်ကျော် ဖမ်းဆီးရမိသည်ဟု ပြည်နယ်သစ်တောဦးစီးဋ္ဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ် သစ်တောဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးရုံး ဦးစီးအရာရှိ ဦးကျော်သူက “ဖမ်းမိတဲ့သစ်တွေကို သက်ဆိုင်ရာမြို့နယ်ရဲ့ လုံခြုံစိတ်ချရတဲ့နေရာ၊ သထုံမှာ ဖမ်းတယ်ဆိုရင် သစ်တောဦးစီးဌာနရဲ့ လုံခြုံစိတ်ချရတဲ့နေရာ သက်မှတ်ချက်ရှိတယ် အဲဒီမှာပဲထားတယ်၊ မြို့နယ်က အခုလုံခြုံစိတ် ချရတဲ့နေရာရောက်ပြီး ပုံစံ (၈) ခွင့်ပြုပါ ဘယ်နေ့ဘယ်လမှာ ဖမ်းထားတဲ့သစ်ဖြစ်ပါတယ်လို့ ဓာတ်ပုံနဲ့တကွ အထက်ကိုတင်ရတယ်” ဟု ပြောသည်။

ထို့အပြင် မေလ ၂၃ ရက်နေ့က ကျိုက်ထိုမြို့နယ် ကျောက္ကလပ်ကျေးရွာ တောအုပ်အတွင်း ပိုင်ရှင်မဲ့သစ် ၂၀၂ လုံး၊ သစ်အခြမ်း ၂၆ ခြမ်း ၈၃ တန်ကျော် ဖမ်းဆီးရမိသည်ဟု ကျိုက်ထိုမြို့နယ်ရဲစခန်းမှ သိရသည်။

မြို့နယ် ရဲမှူးဦးဝင်းမြင့်က “ကျွန်တော်တို့ သတင်းရ လို့ လိုက်ကြည့်တာ ကျောက္ကလပ်ကျေးရွာ တောအုပ်အတွင်းမှာ ဖမ်းမိတာ၊ အဲဒီပိုင်ရှင်မဲ့သစ်တွေကို အခု ပုံစံ (၈) ဖြစ်သွားပေမယ့် ပိုင်ရှင်ပေါ်လာအောင် ကျွန်တော်တို့ဆက်လက်စုံစမ်းနေတယ်” ဟု ပြောသည်။
အဆိုပါ ဖမ်းဆီးရမိသည့် သစ်များများသည် တောင်သရက်၊ တောင်ပိန္နဲ၊ သစ်ဖြူ၊ ရုံး၊ ထောက်ရှာ သစ်အမျိုးအစားများ ဖြစ်သည်ဟု သိရသည်။

အဆိုပါဖမ်းဆီးရမိသည့် ပိုင်ရှင်မဲ့သစ်များကို ပုံစံ(၈) နိုင်ငံတော်ပိုင်အဖြစ်သတ်မှတ်ပြီးပါက အထက်မှ ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်ရန်သာ ဖြစ်သည်ဟု ပြည်နယ် သစ်တောဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးရုံး ဦးစီးအရာရှိက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts