မကြာမီလပိုင်းအတွင်းကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံတွင် တစ်နိုုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုစာချုပ် NCA ပါ အပိုဒ် ၂၂ (က) အရ တရားဝင်ဖွဲ့စည်းထားသော တိုင်းရင်းသားနိုင်ငံရေးပါတီများအားလုံး ပါဝင်ခွင့်ရှိရန် တိုက်တွန်းတောင်းဆိုသော သဘောထားထုတ်ပြန်ကြေငြာချက်ကို ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က မေလ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုုက်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ပြီးခဲ့သည့်သီတင်းပတ်၌ အသစ်ပြန်လည်ဖွဲ့စည်းရန် ပြုလုပ်ရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ အနိုင်ရပါတီ ကိုယ်စားလှယ်များသာ ၂၁ ရာစုပင်လုံညီလာခံတွင်ပါဝင်ခွင့်ရှိပြီး ရွေးကောက်ပွဲ ရံှုးနိမ့်ခဲ့သည့်တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များပါဝင်ခွင့်မရှိကြောင်းပြောဆိုမှုအပေါ် NCA စာချုပ်ကို ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း NBF အဖွဲ့ဝင်နိုင်ငံရေးပါတီများက ပြောဆိုခဲ့သည်။
NBF အဖွဲ့ဝင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဒု ဥက္ကဌ နိုင်ချမ်းတွဲ့က “UPDJC ကို ပြန်ဖွဲ့စည်းတဲ့အခါ အနိုင် ရ ပါတီတွေကိုပဲရွေးမယ်၊ အနိုင်ရပါတီတွေကိုပဲ ပါခွင့်ရမယ်ဆိုတော့ NCA စာချုပ်ကို ပြန်ကြည့်မယ်ဆိုရင် အဲဒီ လိုမပြောထားဘူး၊ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေအားလုံးက ပါဝင်ခွင့်ရှိတယ်၊ အခုဟာက NCA စာချုပ် အတိုင်း မဟုတ်ပဲနဲ့ ရွေးကောက်ပွဲအနိုင်ရပါတီတွေကိုပဲ ယူတော့မယ်ဆိုရင် ဒါက NCA ကို ချိုးဖောက်တာပဲ” ဟု ပြောသည်။
ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း၏ ၂၆ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ရန်ကုန်မြို့ရှိ Orchid hotel တွင် မေလ (၃၀၊ ၃၁) နှစ်ရက်တာကျင်းပခဲ့ပြီး အဖွဲ့ဝင်ပါတီ ၂၃ ရှိသည့်အနက် ပါတီ ၂၀ မှ ခေါင်းဆောင် များ တက်ရောက်ဆွေးနွေးခဲ့ပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။
“အရင် UPDJC ဖွဲ့တုန်းက မဲပေးစနစ်နဲ့ပဲဖွဲ့ခဲ့တာ၊ အဲဒီတုန်းက နိုင်ငံရေးပါတီ ၉၀ ကျော်ရှိတယ်၊ အခုထားပါတော့ ဖေါင်းပွတာကို မကြိုက်ဘူးဆိုရင် အနိုင်ရပါတီတွေကို မဲပေခွင့်ပေးပြီးတော့ ပါတီတွေအနေနဲ့ကိုယ့်ဟာကိုယ်ရွေး ဒါကလည်း တစ်မျိုးပေါ့ဗျာ၊ ဒါပေမယ့် အခုဟာက အစိုးရအဖွဲ့ကနေ ရွေးပေးမယ်ဆိုတော့ နိုုင်ငံရေးပါတီတွေက ကိုယ့်ကံကြမ္မာကို ကိုယ့်ဖန်တီးခွင့်မရတဲ့သဘောဖြစ်နေတယ်” ဟုလည်း နိုင်ချမ်းတွဲ့က ဆက်ပြောသည်။
NCA စာချုပ် အပိုဒ် ၂၂ (က) တွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့်တွင် အားလုံးပါဝင်ရေးမူကို အခြေခံ၍ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ၏ ကိုယ်စားလှယ်များ၊ တရားဝင်နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အခြား ပါဝင်သင့် ပါဝင်ထိုက်သောကိုယ်စားလှယ်များ ပါဝင်ကြရမည်ဟု ဖော်ပြထားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး-၂၁ ရာစုပင်လုံညီလာခံကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာ ချုပ် NCA အပေါ် အခြေခံ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်တစ်ခုတွင် အနည်းဆုံး ကိုယ်စားလှယ်တစ်ဦး ပါဝင်သည့်နိုင်ငံရေးပါတီများကိုသာ ငြိမ်းချမ်းရေးညီလာခံကိုယ်စားလှယ် အဖြစ်ပါဝင်ခွင့်ပြုမည်ကို ကိုင်စွဲထားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အကြိုပြင်ဆင် ရေးကော်မတီနှင့် ဆပ်ကော်မတီ ၂ ခု ဖွဲ့စည်းကြောင်း မေ ၃၁ ရက်နေ့က ကြေညာလိုက်သည်။
ယခင်အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင် ၈ ဖွဲ့တို့အကြား NCA စာချုပ် လက်မှတ်ရေးထိုးပြီး စာချုပ်ပါ အချက်အလက်များအတိုင်း ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တရပ်ရေးဆွဲခြင်း၊ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတစ်ခု ကျင်းပရေးတို့ ပြုလုပ်နိုင်ရေးအတွက် ၂၀၁၅ အောက်တိုဘာလ ၁၆ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF) တွင် ချင်းအမျိုးသားပါတီ CNP ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုး သားပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားများ ဒီမိုကရေစီပါတီ၊ အရိှုချင်း အမျိုးသားပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ၊ ‘ဝ’ ဒီမိုကရက်တစ် ပါတီ၊ ‘ဝ’ အမျိုးသား ဖွံ့ဖြိုးရေးစည်းလုံး ညီညွတ်ရေးပါတီနှင့် တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။