Homeသတင်းမြစေတီကျောက်စာ MoW သတ်မှတ်ခံရခြင်းအတွက် မွန်သမိုင်းသုတေသနအဖွဲ့ကြိုဆို

မြစေတီကျောက်စာ MoW သတ်မှတ်ခံရခြင်းအတွက် မွန်သမိုင်းသုတေသနအဖွဲ့ကြိုဆို

-

မွန်နှင့်ပျုုပညာရှင်များ ရေးထိုးခဲ့သည့် မြစေတီ (ရာဇကုမာရ်) ကျောက်စာအား ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင် Memory of the World International Register-MoW အဖြစ် သတ်မှတ်ခြင်းခံရသည့်အတွက် ကြိုဆိုလိုက်ပြီး ကမ္ဘာတွင် မွန်စာပေအဆင့်အတန်း တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း မွန်သမိုင်းသုတေသနအဖွဲ့က ပြောသည်။

မြစေတီကျောက်စာ(Facebook)
မြစေတီကျောက်စာ(Facebook)

မွန်သမိုင်း သုတေသနအဖွဲ့ ဥက္ကဌ နိုင်မောင်တိုး က “မွန်သမိုင်းပညာရှင်တွေ ရေးထိုးခဲ့တဲ့ မြစေတီကျောက်စာဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရတဲ့အတွက် မွန်စာပေအဆင့်အတန်းဟာ ကမ္ဘာမှာ တိုးတက်မြင့်မား လာမယ်” ဟု ဆိုသည်။

မွန်သမိုင်း သုတေသနအဖွဲ့အနေဖြင့် မြစေတီ ကျောက်စာဟာ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း၊ အဆိုပါကျောက်စာတွင် ဘာသာ ၄ ခုနှင့်ရေးထားသော်လည်း ဘာသာနှစ်ခုကို အခြေခံပြီး ရေးထားကြောင်း၊ ပျုဘာသာနှင့် မွန်၊ မြန်မာ၊ ပါဠိစာမျက်နှာကို မွန်ဘာသာနှင့် ရေးသားထားကြောင်း ၄င်းက ဆက်ပြောသည်။

မွန်သမိုင်း သုတေသန အဖွဲ့ နာယက ဆရာတော် ဘဒ္ဒန္တ သ႘လဝန္တ က“ မွန်ရှေးဟောင်း သမိုင်းအမွေအနှစ်တွေကို ဖျက်ဆီးချင်တဲ့လူတချို့ ရှိနေတယ်၊ မွန်သမိုင်း အမွေအနှစ်တွေကို ထိထိရောက်ရောက် ထိန်းသိမ်းသွားမယ်၊ မွန်သမိုင်း သုတေသနအဖွဲ့နေနဲ့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး လှုပ်ရှား ဆောင်ရွက်သွားမယ်” ဟု မိန့်ကြားသည်။

ပုဂံတွင် ရှေးဟောင်းအမွေအနှစ်များစွာ ပျောက်ကွယ်သွားသည့်အတွက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်၍ မရကြောင်း၊ ပုဂံဧရိယာအတွင်းရှိ မွန်ဘုရင် မနူဟာမင်း တည်ထားခဲ့သော မနူဟိုဘုရား၊ နန်းဘုရား အပါအဝင် ရှေးဟောင်းဘုရားများစွာတည်ရှိနေသည့် မြင်းကပါရွာတွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်သတ်မှတ်နိုင်လျင် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း မွန်သမိုင်းသုတေသန အဖွဲ့က သုံးသပ်ခဲ့သည်။

ပုဂံပြတိုက်ရှိ ကျောက်စာတိုင်မှာ အမြင့် ၅ ပေ ၁၁ လက်မ ရှိ၍ လေးဘက် မျက်နှာပြင် အကျယ်ညီသည်။ စာမျက်နှာ အမြင့် ၃ ပေ ၆ လက်မ၊ အကျယ် ၁ ပေ ၂ လက်မ ခန့်ရှိပြီး ပါဠိဘာသာဖြင့် ၄၁ ကြောင်း၊ မြန်မာ စာဖြင့် ၃၉ ကြောင်း၊ မွန်စာဖြင့် ၃၃ ကြောင်း၊ ပျူစာဖြင့် ၂၆ ကြောင်းရှိပြီး AD (၁၁၁၃)ခုနှစ်ခန့်တွင် ရေးထိုးခဲ့သည်ဟု ပညာရှင်များခန့်မှန်ထားသည်။

ယင်းမြစေတီ(ရာဇကုမာရ်)ကျောက်စာကို ၂၀၁၄ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကမ္ဘာ့မှတ်တမ်းအမွေ အနှစ်စာရင်းသို့ တင်သွင်းခဲ့ရာ အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီမြို့တွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့မှ (၆)ရက်နေ့ထိ ကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် Memory of the World အစီအစဉ်၏ International Advisory Committee အစည်းအဝေးဆုံးဖြတ်ချက်အရ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်က သဘောတူအတည်ပြုခဲ့ပြီး ၂၀၁၅ ခုနှစ် Memory of the World International Register စာရင်း၀င်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts