Friday, March 13, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် ရေလုပ်သားအချင်းချင်း သတ်ဖြတ်မှုများဆက်တိုက်ဖြစ်ပေါ်နေ

    ရေးမြို့နယ်တွင် ရေလုပ်သားအချင်းချင်း သတ်ဖြတ်မှုများဆက်တိုက်ဖြစ်ပေါ်နေ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေကြသည့် ရေလုပ်သားများအချင်းချင်း သတ်ဖြတ်မှုဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ ယခုမေလတစ်လအတွင်း လူသေမှုတစ်ခုနှင့် လူသတ်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

     အဘော်ကျားတန်း ရေလုပ်သားမိသားစုတန်းလျား(MNA)
    အဘော်ကျားတန်း ရေလုပ်သားမိသားစုတန်းလျား(MNA)

    မေလ ၁၅ ရက်နေ့တွင် ရေလုပ်သားအလောင်း ၂ လောင်း ပင်လယ်ပြင်တွင် တွေ့ရှိခဲ့ပြီးနောက် မေလ (၂၁) ရက်က ဇီဖြူသောင်ကျေးရွာတွင် ရေလုပ်သားအချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုတခုထပ်မံ ဖြစ်ပွားခဲ့ သည်ဟု ရေးမြို့ မြို့မရဲစခန်းမှ သိရသည်။

    ရေးမြို့ မြို့မရဲစခန်းမှ အလှည့်ကျတာဝန်ရှိသူ ရဲအရာရှိတစ်ဦးက “ဇီးဖြူသောင်မှာက အချင်းချင်းစကားများရာက လက်လွန်သွားတာပါ။ အခုက ကျနော်တို့ တရားခံနှစ်ဦးကိုတော့ ဖမ်းဆီးထားတာပါတယ်။ သေဆုံးသူက ဘယ်သူဖြစ်လဲ၊ ဘယ်ကလဲတော့ ကျနော်တို့ အတိကျမသိရသေးဘူး” ဟု ဆိုသည်။

    အဆိုပါသေဆုံးသူသည် အသက် (၃၅) နှစ်ခန့်ရှိသူဖြစ်ကြောင်း၊ ယခု တရားခံအဖြစ်ယူဆရသူ ဖမ်းဆီးခံထားရသူနှစ်ဦးသည် ဖျာပုံမြို့နယ်မှ ကိုထွေးနှင့် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှ ထွန်းလင်းအောင်တို့ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ရေလုပ်သားများ အကြောင်းမျိုးမျိုးကြောင့် ပင်လယ်ပြင်တွင် သေဆုံးလျှက်ရှိရာတွင် တချို့က ကျန်းမာရေးကြောင့်၄င်း၊ တချို့က စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်များ ရှိခဲ့သည်။

    ရေလုပ်သားများအရေး အကူအညီပေးနေသည့် ကျောင်းသားများအကျိုးပြုဒီမိုကရေစီပါတီ မွန်ပြည်နယ်တာဝန်ခံ ဦးထွန်းအေးက “ဒီမှာက အများအားဖြစ်တော့ သေဆုံးတာ ရေလုပ်သားတွေပါ၊ ဒီအနီနားရွာက တင်ပြချက်အရတစ်နှစ်ကို ရေလုပ်သား ၁၀ဝ ဦးဝန်းကျင်လောက် သေဆုံးနေတယ်လိုသိရတယ်” ဟု ဆိုသည်။

    မေလ ၁၅ ရက်နေ့ ပင်လယ်ပြင် သေဆုံးမှု ၂ ခုတွင် ရေလုပ်သား မျိုးဇော်ဦး အသက် (၂၀) ခန့်သည် ဆေးဝါးပြတ်လပ်ပြီးသေဆုံးမှု ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ အသက် (၄၀) ခန့် ဦးအောင်ဝင်းသည် ဦးခေါင်းခွံတွင် အရှည် ၂ လက်မ၊ ဦးခေါင်းရိုးအထိ နစ်ဝင်သွားသည့် ဒဏ်ရာရရှိထားကြောင်း ဦးထွန်းအေးက ဆက်ပြောသည်။

    ပင်လယ်ပြင်တွင် တွေ့ရှိထားသော ရေလုပ်သားအလောင်း ၂ လောင်းဖြစ်စဉ်ကို သေမှုသေခင်း ဖြင့် အမှုဖွင့်ထားပြီး ယခုဇီးဖြူသောင် ဖြစ်စဉ်ကို စစ်ဆေးလျှက်ရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။

    ရေးမြို့နယ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလထိ အမှုပေါင်း ၉၈ ခု ဖြစ်ပွားပြီး ၎င်းအမှုများအနက် အမှုကြီး ၁၀ မျိုးမှ လူသတ်မှု ၄ ခု၊ သေမှုသေခင်း ၁၆ ခု၊ လုယက်မှု ၁ ခုနှင့် မုဒိန်းမှု ၂ ခုဖြစ်ပွားခဲ့ပြီး အခြားအမှု ၃၄ ခုနှင့် ကြိုတင်ကာကွယ်မှု ၄၁ ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks