Monday, March 16, 2026
More
    spot_img
    Homeသတင်းမန်းကျည်းချောင်းဝလူသတ်မှု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကောင်မရှင် စတင်စစ်ဆေးပြီ

    မန်းကျည်းချောင်းဝလူသတ်မှု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကောင်မရှင် စတင်စစ်ဆေးပြီ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ မန်းကျည်း ချောင်းဝရွာ၌ ပြီးခဲ့သည့် မတ်လ (၈) ရက်နေ့တွင် တပ်မတော်အရာရှိတစ်ဦးက ရွာသား ၂ ဦးအားမှားယွင်းပစ်ခတ်ခဲ့သည်ဆိုသည့် လူသတ်မှုကို စတင်စစ်ဆေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်မှ သိရသည်။

    အသတ်ခံရသူ ရွာသား ၂ ဦး အသုဘချမြင်ကွင်း(Mi Hong SA)
    အသတ်ခံရသူ ရွာသား ၂ ဦး အသုဘချမြင်ကွင်း(Mi Hong SA)

    အဆိုပါလူသတ်မှုတွင် သက်သေအဖြစ် ရေးမြို့နယ်တောင်းပိုင်းရှိ တိုးတက်ရွာသစ်ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်အပါအဝင် မန်းကျည်းရွာသား (၁၄) ဦးတို့ကို မေလ ၁၈-၁၉ နေ့ရက်များတွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး ဖြစ်သည်။

    မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်အဖွဲ့ဝင် ဒေါတ်တာဉာဏ်ဇော် က “အမှုနဲ့ပတ်သတ်တဲ့လူအားလုံး ခေါ်ယူစစ်ဆေးပြီးတော့ ရန်ကုန်ရောက်မှပဲ ကျနော်တို့ အဖွဲ့ဝင်အားလုံး စုပေါင်းပြီးတော့ ဘယ်လိုဆက်လက် ဆောင်ရွက်ရမယ့်ဟာကို ဆွေးနွေးမှာပါ။ ကျနော့်ကိုယ်ပိုင်အနေနဲ့ ဘာမှဆုံးဖြတ်လို့မရသေးပါ” ဟု ဆိုသည်။

    ထို့အပြင် အမှုနှင့်ပတ်သက်ပြီး တပ်မတော်ဘက်မှ ပါဝင်သူများအား လိုအပ်သလို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒေါတ်တာဉာဏ်ဇော်က ဆက်ပြောသည်။

    တိုးတက်ရွာသစ်ကျောင်းဆရာတော် ဘဒ္ဒန္တဇနက က “လူ့အခွင့်ရေးကော်မရှင်က လူသတ်မှုနဲ့ပတ် သတ်ပြီးတော့ ဘယ်လိုအခြေအနေရှိလဲ။ ဘယ်လိုဆောင်ရွက်ပေးစေခြင်တာလဲ။ သူတို့ဘက်ကလဲ အမှုမှန်ပေါ်ပေါက်အောင် ကူညီဆောင်ရွက်ပေးမယ်လို့ ကတိပေးခဲ့တယ်” ဟု ဆရာတော်က မိန့်ကြားသည်။

    လူအခွင့်ရေးကောင်မရှင်အဖွဲ့သည် ၎င်းအမှုနှင့် ပတ်သက်သည့် ဆေးမှတ်တမ်းစာကို ရေးမြို့နယ် ပြည်သူ့ ဆေးရုံတွင် တောင်းယူသွားမည်ဖြစ်ကြောင်း၊ မရရှိပါက မွန်ပြည်နယ် ပြည်နယ်ရဲမှူးအကူအညီဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမှုနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုနှင့် မှန်ကန်သောတရားစီရင်ရေး ရှိရမည်ကို ကော်မရှင်က ထပ်မံကတိပေးခဲ့သည်ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

    အသတ်ခံရသူမောင်ချစ်စိုး၏ဇနီး မိဒါဦးက “ကျမတို့နဲ့ လူ့အခွင့်ရေးကောင်မရှင်တို့ လွတ်လွတ်လပ်လပ်ပဲ ဆွေးနွေးမေးမြန်းဖြစ်ပါတယ်။ တကယ်ဖြစ်ခဲ့တာလား။ ဘယ်လိုဖြစ်သွားတာလဲ၊ ဘယ်နေရာမှာဖြစ်ခဲ့လဲ၊ ဖြစ်တဲ့အချိန်တွေကို မေးသွားပါတယ်။ လူ့အခွင့်ရေးကော်မရှင်က ရွာကို (၂) ရက်လာပြီး ရွာမှာရှိတဲ့လူတွေ (၁၀) ယောက်လောက်ကိုလည်း မေးမြန်းသွားခဲ့တယ်” ဟု ဆိုသည်။

    မန်းကျည်းချောင်းဝရွာသား ၂ ဦး အသတ်ခံရမှုအား အမှုမှန်ဖော်ထုတ်ပေးစေရေး ကျန်ရစ်သူမိသားစု၏ ဆန္ဒအရ ပြည်မြို့ လူအခွင့်ရေးနှင့် တရားမျှတရေးစွမ်းဆောင်သူများအဖွဲ့က ဧပြီလ ၂၅ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်နှင့် အာရှ လူ့အခွင့်ရေး ကော်မရှင်တို့ထံ တိုင်ကြားစာ ပေးပို့ထားကြောင်း သိရသည်။

    ညသန်းခေါင်အချိန်နေအိမ်မှထွက်လာသော ဦးမိုးနှင့် မောင်ချစ်စိုး တို့နှစ်ဦးအား ခမရ (၂၈၀) မှ ဗိုလ်ကြီး ဇော်မျိုးထက်က သေနတ်နှင့်ပစ်ခတ်သေဆုံးခဲ့သဖြင့် ခေါဇာမြို့ရဲစခန်းတွင် လူသေမှုဖြင့် တရားစွဲဆိုထားပြီး စစ်ခုံရုံးတွင် စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks