spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းNCA လက်မှတ်မထိုးရသေးသောအဖွဲ့ ၇ ဖွဲ့ကိုလည်း ၂၁ ရာစုပင်လုံညီလာခံသို့ ပါဝင်ခွင့်ပြုမည်ဟုဆို

    NCA လက်မှတ်မထိုးရသေးသောအဖွဲ့ ၇ ဖွဲ့ကိုလည်း ၂၁ ရာစုပင်လုံညီလာခံသို့ ပါဝင်ခွင့်ပြုမည်ဟုဆို

    -

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရ ဖွဲ့ကို ၂၁ ရာစု ပင်လုံညီလာခံသို့ ပါဝင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မေ ၁၉ ရက်နေ့တွင် အစိုးရကိုယ်စားလှယ်များ နှင့် NCA လက်မှတ် ရေးထိုးသည့် လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ကို််ယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးမှုတွင် သဘောတူညီမှုရရှိခဲ့ကြကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

    NCA လက်မှတ်ရေးထိုးထားသောကိုယ်စားလှယ်အဖွဲ့နှင့် CSO များ(MNA)
    NCA လက်မှတ်ရေးထိုးထားသောကိုယ်စားလှယ်အဖွဲ့နှင့် CSO များ(MNA)

    NCA လက်မှတ်မရေးထိုးရသေးသည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA/UWSP၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ အမျိုးသားဒီမိုကရေစီသွေးစည်းညီညွတ်ရေး တပ်မတော် – မိုင်းလားတပ်ဖွဲ့ NDAA၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် NSCN-K စသည့် တိုင်းရင်းသား လက်နက်ကိုင် ရ ဖွဲ့အား ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်ခွင့်ပြုမည်ဟု သဘောတူညီမှုရရှိခဲ့ကြခြင်း ဖြစ်သည်။

    ဖဒိုမန်းငြိမ်းမောင်က “ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးတာက ၂၁ ရာစု ပင်လုံ ညီလာခံကို ဘယ်လို ကျင်းပသွားမလဲ၊ ပြီးတော့ ရေးဆွဲထား ပြီးသား မူဘောင်ကို ဘယ်လို ပြန်ပြင်မလဲပေါ့။ ဒါပေမယ့် အခု သဘောတူညီမှုတစ်ခုကတော့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို ၂၁ ရာစု ပင်လုံ ညီလာခံမှာ တက်ရောက်ခွင့်ပြုဖို့ သဘောတူညီမှု ရခဲ့ပါတယ်”ဟု ပြောသည်။

    ယနေ့(မေ ၁၉ ရက်နေ့) တွေ့ဆုံမှုတွင် အစိုးရဘက်မှ NRPC စေ့စပ်ညိှနှုိင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်း၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွန်းကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့အပြင် တခြား သော ကိုယ်စားလှယ်များ ပါဝင်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ NCA လက်မှတ်ရေးထိုးထား သော ၈ ဖွဲ့မှ ခေါင်းဆောင်များတက်ရောက်ခဲ့ကြစဉ် ၂၁ ရာစုပင်လုံညီလာခံကို လာမည့်ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပသွားနိုင်ရန် အကြမ်းဖျဉ်းသဘောတူညီမှု ရယူထားသည်ဟု သိရသည်။

    “အခုကတော့ လက်မှတ်မရေးထိုးရသေးတဲ့ ကျွန်တော်တို့ ညီနောင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ မူဘောင်တွေ ပြင်ဆင်ရေးဆွဲမယ်။ လာမယ့် ၂၁ ရာစု ပင်လုံ ညီလာခံကို ကျင်းပဖို့အတွက် မူဘောင်တွေ ကို ရေးဆွဲတဲ့ အခါမှာ အဲဒီ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါဝင်ပြီးတော့မှ မူဘောင်ရေးဆွဲတဲ့ အခါမှာ ပါဝင် လာနိုင်အောင် ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒီညီလာခံရဲ့ မူဘောင်ရေးဆွဲတဲ့ အချိန်က စပြီးတော့ နိုင်ငံရေးဆွေး နွေးမှာပေါ့ နိုင်ငံရေးဆွေးနွေးမှာဆိုတော့ ဒီမူဘောင်မှာ လာရောက်ပြီးတော့ ဆွေးနွေးလို့ရတယ်။သူတို့ ကိုယ် တိုင်လည်း ပါဝင်ဆုံးဖြတ်လို့ရမယ်။ အဲဒါကိုလည်း ကျွန်တော်တို့ ဆွေးနွေးဖြစ်ကြတယ်။ ဒါကိုလည်း နှစ်ဖက် စလုံးက လိုလိုလားလား သဘောတူခဲ့ကြပါတယ်” ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောသည်။

    သို့သော် AA၊ MNDAA၊ TNLA တို့အား တက်ရောက်နိုင်ရေးအတွက် ပြင်ဆင်ရေးအဖွဲ့မှ ညိှနှုိင်းဆွေးနွေးသွား မည်ဖြစ်သည့်အတွက် မိမိတို့ အနေဖြင့် ပြောကြားခွင့်မရှိဟု ဦးခွန်မြင့်ထွန်းက ဆိုသည်။

    အဆိုပါ လက်နက်ကိုင် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့အား တပ်မတော်မှ ငြိမ်းချမ်းရေးဆွေးနွေးလိုပါက လက်နက်စွန့်ရမည်ဖြစ်ပြီး လက်နက်မစွန့်ပါက ငြိမ်းချမ်းရေး ဆွေးနွေးသွားမည် မဟုတ်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားထားသည်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကို တစ်လ၊ နှစ်လအတွင်း ကျင်းပသွားမည်ဖြစ်ပြီး NCA လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေး ကြိုးစားသွားမည်ဟု ပြောကြားထားသည်။

    ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ နှင့် RCSS/SSA၊ KNU၊ DKBA၊ KNU/KNLA-PC၊ ABSDF၊ ALP၊ CNF၊ PNLO စသည့် လက်နက်ကိုင် ၈ ဖွဲ့တို့ တစ်နိုင်ငံလုံးပစ်ခတ်တို်ကခိုက်မှုရပ်စဲရေးစာချုပ်(NCA) ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks