Homeသတင်းJune ဘိလပ်မြေစက်ရုံသစ် အကောင်အထည်ဖော်နေမှု ပြည်နယ်အစိုးရသစ်အား အသိပေးခြင်းမရှိဟုဆို

June ဘိလပ်မြေစက်ရုံသစ် အကောင်အထည်ဖော်နေမှု ပြည်နယ်အစိုးရသစ်အား အသိပေးခြင်းမရှိဟုဆို

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသ၌ နောက်ထပ် ဘိလပ်မြေစက်ရုံသစ် တည်ဆောက်ခွင့်ရရှိထားသည့် June Cement Industry Ltd. ကုမ္မဏီသည် ယခုအခါ လုပ်ငန်း စတင်အကောင်အထည်ဖော်ရာတွင် မွန်ပြည်နယ်အစိုးရသစ်အားအသိပေးခြင်း မရှိသေးကြောင်း သိရသည်။

မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက “June ကုမ္မဏီနဲ့ပတ်သက်ပြီး ကျနော်တို့ ဘာမှမသိထားရသေးဘူး။ အခုဟာက စမ်းသပ်တူးဖော်တာလား ဆိုတာလား မသိရဘူး။ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတော့ သိလိမ့်မယ်ထင်တယ်” ဟု ဆိုသည်။

ဓါတ်ပုံ - ပျားတောင်အား အတ္ထရံမြစ်ကြောင်းမှမြင်တွေ့ရစဉ်(MNA)
ဓါတ်ပုံ – ပျားတောင်အား အတ္ထရံမြစ်ကြောင်းမှမြင်တွေ့ရစဉ်(MNA)

အဆိုပါ ဘိလပ်မြေစက်ရုံလုပ်ပိုင်ခွင့်အတွက် ယခင်အစိုးရ ခွင့်ပြုထားခြင်းဖြစ်ကြောင်း၊ အများအားဖြင့် သယံဇာတမည်မျှရှိသည်ကို သိရှိနိုင်ရန် စမ်းသပ်ကာလထားရှိကြောင်းနှင့် နောက်မှသာ တူးဖော်ခွင့်ရရှိမည်ဖြစ်ကြောင်း ဒေါက်တာမင်းကြည်ဝင်း ဆက်ပြောသည်။

June Cement Industry Ltd. ကုမ္မဏီ ဒါရိုက်တာ ဦးစိုးမြင့်က “ဒီမှာတော့ အကုန်လုံးလုပ်ထားပြီးသား၊ ဂဝံတွေတင်ဘို့ကိစ္စ၊ မြေကိစ္စတွေကို အကုန်လုံး သက်ဆိုင်ရာကို တင်ထားပြီးသားပါ။ ဒီကြားမှာတော့ ဘာပြဿနာမှမရှိပါဘူး” ဟု ဆိုသည်။

ဘိလပ်မြေစက်ရုံတည်ဆောက်မည့်မြေနေရာ ရေနက်ကွင်းဖြစ်သောကြောင့် စက်ရုံဧရိယာမြေ ၂၀၀ ဧကအတွက် ယခုအခါမြေစတင်ဖို့နေကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အစီရင်ခံစာကို ပြုစုနေဆဲဖြစ်ကြောင်း၊ နောက်တွင် ၎င်းအစီရင်ခံစာကို ဒေသခံပြည်သူများအား ချပြသွားမည်ဖြစ်ကြောင်း ဦးစိုးမြင့်က ဆက်ပြောသည်။

ဒေါက်တာ မင်းကြည်ဝင်းက “လုပ်ငန်းတခုဖော်ဆောင်ရာမှာ ပြည်နယ်၊ မြို့နယ်နှင့် ဒေသခံပြည်သူတွေကို ဖြတ်ကျော်ပြီးမှ ပြည်ထောင်စုအစိုးရက ခွင့်ပြုပေးမှာဖြစ်တယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ အခုလိုမဟုတ်ဘဲ ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်ပေးခဲ့တဲ့အတွက် ကုမ္မဏီဘက်က ဒေသခံတွေနဲ့ညှိနှုိင်းတဲ့အခါ အဆင်မပြေတဲ့အတွက် ပြဿနာများစွာ ဖြစ်ပွားခဲ့တယ်” ဟု ပြောသည်။

အဆိုပါ ဘိလပ်မြေစက်ရုံတည်ဆောက်ရန်အတွက် June ကုမ္မဏီက မြေဧက ၁၀၀၀ ကျော်လျာထားပြီ မြေဧက ၇၀၀ ကျော် ဝယ်ယူရရှိထားပြီးဖြစ်သည့်အပြင် စက်ရုံလည်ပတ်ရန်ရန် လိုအပ်သည့်လှျပ်စစ်စွမ်းအင်ကို မဟာဓါတ်အားလိုင်း(သို့မဟုတ်) သဘာဝဓါတ်ငွေ့ကို ရည်ရွယ်ထားပြီ မည်သည့်စွမ်းအင်သုံးစွဲမည်ကို အတိအကျ မသတ်မှတ်ရသေးဟု ကုမ္မဏီတာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ June Cement Industry Ltd. ကုမ္မဏီအား သမ္မတဟောင်းဦးသိန်းစိန် အစိုးရသက်တမ်းမကုန်ဆုံးမီ ရက်ပိုင်းအလို ၂၀၁၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် တစ်နေ့ တန် ၅ ထောင်ကျ ဘိလပ်မြေစက်ရုံသစ်တည်ဆောက်ခွင့်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကာ်မရှင်က ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ယခုလက်ရှိကာလတွင် ပျားတောင်ဒေသ၌ တစ်နေ့ဘိလပ်မြေတန်ချိန် ၅ ထောင်ကျ မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL တည်ဆောက်ပြီးစီးနေပြီဖြစ်သည့်အတွက် ကျောက်မီးသွေးစွမ်းအင်ဖြင့် စက်ရုံလည်ပတ်မည့်အစီအစဉ်ကို ဒေသခံများ ကန့်ကွက်ထားဆဲဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts