Homeသတင်းNCA လက်မှတ်ထိုး တိုင်းရင်းသား ၈ဖွဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ဖွဲ့စည်း

NCA လက်မှတ်ထိုး တိုင်းရင်းသား ၈ဖွဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ဖွဲ့စည်း

-

အစိုးရသစ်လက်ထပ်တွင် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက် ညှိနှိုင်းအကောင်အထည် ဖော်နိုင်ရန် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က ၎င်းတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(EAO Peace Process Steering Team-EAO PPST) ကို ဖွဲ့စည်းလိုက်ကြောင်း ၂၆ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့သည် ၂၀၁၆ ခုနှစ်၊မတ် ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး EAO PPST ကို ဖွဲ့စည်းလိုက်ခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရ နှင့် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA၊ KNU/KNLA-PC၊ ရှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF၊ တို့ ဖြစ်သည်။

“ကျွန်တော်တို့ အခု EAO PPST ကို ဖွဲ့စည်းလိုက်တာက လက်မှတ်မထိုးရသေးတဲ့ အဖွဲ့နဲ့သော်လည်းကောင်း၊ အစိုးရသစ်နဲ့သော်လည်းကောင်း၊ တွေ့ဆုံ ဆွေးနွေးတဲ့အခါမှာ ဦးဆောင်ဦးရွက်ပြုနိုင်ဖို့အတွက် ရည်ရွယ်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါတယ်။နောက်တစ်ခုက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို လမ်းညွန်နိုင် အောင်အတွက်လည်းဖြစ်ပါတယ်။ JMC ၊ JICM၊ UPDJC တို့ရဲ့ လုပ်ငနး်တွေကို ပိုမို ထိထိရောက် ရောက် လုပ်နိုင်အောင်လို့ ဒီအဖွဲ့က လမ်းညွန်သွားမယ်”ဟု ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

NCA လက်မှတ်ထိုးအဖွဲ့များအစည်းအဝေး(Facebook_
NCA လက်မှတ်ထိုးအဖွဲ့များအစည်းအဝေး(Facebook_

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ဖွဲ့စည်းခဲ့သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO PPST)တွင် ဥက္ကဌ အဖြစ် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဦးဆောင်ကာ ဒုအဖွဲ့ခေါင်းဆောင်အဖြစ် RCSS/SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် က တာဝန်ယူမည်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ CNF ဥက္ကဌ ပူးဇင်ကျူံး၊ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်၊ ABSDF ဥက္ကဌ ရဲဘော်သံခဲ၊ KNU/KNLA-PC အထွေထွေအတွင်းရေးမှူး ကဘော်ထူး၊ DKBA မှ ကိုယ်စားလှယ် တစ်ဦးတို့က အသီးသီး တာဝန်ယူကြမည်ဖြစ်သည်။

အဆိုပါ EAO PPST အဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးထားသည့် တိုင်းရငး်သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံရေး အရ ဦးဆောင်မှု ပေးနိုင်ရေးအတွက် ဖွဲ့စည်းခဲ့ခြင်းကြောင်း မတ် ၂၆ ရက်က ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှ ထုတ်ပြန် ကြေညာခဲ့သည်။

ထို့ပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တိုင်းရင်းသားလူမျိုးများ အားလုံး ၏ နိုင်ငံရေး ရည်မှန်းချက် ပေါက်မြောက်အောင်မြင်သည်အထိ ကတိကဝတ်များကို စောင့်ထိန်းလျှက် အစိုးရ သစ် နှင့်လည်းကောင်း၊ တပ်မတော်နှင့်လည်းကောင်း ညှိနှိုင်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း NCA လက်မှတ်ထိုးထားသည့် ၈ ဖွဲ့မှ ခေါင်းဆောင်များက ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts