Home သတင်း မွန်ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦးအား ရွေးချယ်မှု NLD ကိုယ်စားလှယ်အချို့လက်မခံနိုင်ဟုဆို

မွန်ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦးအား ရွေးချယ်မှု NLD ကိုယ်စားလှယ်အချို့လက်မခံနိုင်ဟုဆို

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန် NLD သမ္မတအမည်စာရင်းတင်သွင်းထားသော ဦးမင်းမင်းဦးအား လက်မခံနိုင်သဖြင့် ဝန်ကြီးချုပ်အဖြစ်ကျမ်းမကျိမ်မီ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်အချို့ ကန့်ကွက်သွားမည်ဖြစ်ကြောင်း မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အခြားသောလွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းထက်ပိုမိုသာလွန်သော အရည်အချင်းများရှိနေကြောင်း ယခုကဲ့သို့ခန့်အပ်လိုက်ခြင်းသည် အခြားသောလွှတ်တော်ကိုယ်စားလှယ်များအား နှိမ့်ချသကဲ့သို့ဖြစ်ကြောင်း အမည်မဖော်လိုသော NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

အဆိုပါ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “ဒါကတော့ဗဟိုဦးစီးစနစ်ပဲ NLD ကသွားနေတာ။ သူ့ကိုလွှတ်တော်ဒုဥက္ကဌကနေ ဝန်ကြီးချုပ်ထပ်ပေးလိုက်တော့ ကျန်တဲ့လူတွေတစ်ပုံကြီးရှိတယ်။ သူ့ထက်သာတဲ့လူတွေတစ်ပုံကြီးရှိတယ်။ ကျန်တဲ့သူတွေက အသုံးမကျဘူးဆိုတဲ့သဘော သက်ရောက်တယ်” ဟု ပြောသည်။

မွန်ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံထားရသူ ဦးမင်းမင်းဦး(MNA)
မွန်ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံထားရသူ ဦးမင်းမင်းဦး(MNA)
ယမန်နေ့ကကျင်းပခဲ့သော မွန်ပြည်နယ်လွှတ်တော်တွင် ဦးမင်းမင်းဦးအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များအား သဘောထားမေးမြန်းခြင်းမရှိသည့်အပေါ်တွင်လည်း သဘောမကျကြောင်း၊ ယခုဦးမင်းမင်းဦးအား ဝန်းကြီးချုပ်အဖြစ်ခန့်အပ်ခြင်းကို မည်သည့်အကြောင်းပြချက်နှင့်ပင် လက်မခံနိုင်ကြောင်း အဆိုပါလွှတ်တော်ကိုယ်စားလှယ်က ဆက်ပြောသည်။

NLD ပါတီမှ အခြားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “အပေါ်က ဟုတ်ကဲ့ဆိုတိုင်း ဟုတ်ကဲ့ဆိုတဲ့စနစ်ကိုမကြိုက်လို့ ဒါကိုပြောင်းချင်တာလေ။ ဒီမိုကရေစီဆိုမေးလေ အများသဘောထားကို။ သူ့ကိုပြည်နယ်လွှတ်တော် ဒုဥက္ကဌပေးကတည်းကိုက သဘောမကျတာ။ ဒုဥက္ကဌလောက်ဆိုတာက ဘာမှမဖြစ်လောက်ဘူးဆိုလို့ ဘာမှမပြောပဲကြည့်နေတာ” ဟု ပြောသည်။

ဦးမင်းမင်းဦးအား လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ဖြစ်သည်။

သို့ရာတွင် NLD ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းထင်အောင်ဟန်က ပြည်သူများကဒေါ်အောင်ဆန်းစုကြည်အား ယုံကြည်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်မှ ရွေးချယ်လိုက်သည့် ဝန်ကြီးများကို ပြည်သူများကလက်မခံနိုင်စရာမရှိကြောင်း မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ဦးမင်းမင်းဦသည် အသက် ၄၆နှစ်ရှိပြီး ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း၊ အင်ဂျင်နီယာဘွဲ့ BE ဘီးလင်းမြို့နယ်အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌအဖြစ်လည်ကောင်း၊ ဘီးလင်းမြို့နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဘဏ္ဍာရေးမူးအဖြစ်လည်ကောင်း၊ တောင်စွန်းတိုက်နယ်ဆေးရုံ ကြီးကြပ်မူကော်မတီအဖြစ်လည်းကောင်း လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.