spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ရှိ တချို့ကျေးရွာများတွင် ရေရှားပါးမှု ကြုံတွေ့နေရ

    မွန်ပြည်နယ်ရှိ တချို့ကျေးရွာများတွင် ရေရှားပါးမှု ကြုံတွေ့နေရ

    -

    မွန်ပြည်နယ် မြို့နယ်အသီးသီးရှိ တချို့ကျေးရွာတွင် ရေရှားပါးမှုကို ကြုံတွေ့နေရပြီဟု ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဋ္ဌာနမှ တာဝန်ရှိသူများက ပြောသည်။

    သထုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာနမှ ဦးလှမျိုးဝင်းက “မနှစ်ကတော့ ဒီလောက်ထိဆိုးဆိုးဝါးဝါးမဖြစ်ဘူး၊ ကျွန်တော်တို့ ဧပြီလကုန်မှ အပေါင်တို့ ဘီးလင်းတို့ သထုံတို့မှာ ရေရှားမှုတွေ ဖြစ်လေ့ရှိတယ်၊ ဒီနှစ်ကျတော့ ရက်နည်းနည်းစောလာတယ်၊ မတ်လပထမအပတ်မှာ ရေစရှားလာတယ်၊ ရေပြတ်တာတော့မဟုတ်ဘူး၊ ရေမသန့်တော့ သောက်ရေအခက်ခဲဖြစ်သွားတာပေါ့” ဟု ပြောသည်။

    သထုံခရိုင်တွင် သထုံမြို့နယ်၌ (၄)ရွာ၊ ပေါင်မြို့နယ်၌ (၄) ရွာ၊ ဘီးလင်းမြို့နယ်၌ (၄)ရွာ၊ ရေ စတင်ရှားပါးလာနေဖြစ်သည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဋ္ဌာနမှ ရေများကို ပို့ဆောင် ပေးခဲ့ရသည်ဟု သူကဆက်ပြောခဲ့သည်။

    ရေများဝေနေစဉ်(Internet)
    ရေများဝေနေစဉ်(Internet)
    ကျေးလက်တိုးတက်ဖွံ့ဖြိုးရေးဦးစီးဋ္ဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး ဦးရဲဝင်းက “အခုဘီလူးကျွန်းချောင်းဆုံဘက် အချို့ရွာတွေမှာဆိုရင် ရေရှားနေပြီ၊ ဘာလို့လည်းဆိုတော့ အဲဒီဘက်မှာ ကွင်းပြင်ရွာတွေဖြစ်နေတော့ ရေတွင်းကိုလည်းတူးလို့မရဘူး၊ ရေငန်ပေါက်တဲ့ရွာတွေမှာ ကန်ရေခန်းကျလာပြီးဆိုလျှင် ရေကရှားလာပြီ” ဟု ပြောသည်။

    ထို့အတူ ရေးမြိ့နယ်ရှိ ရွှေပြည်သာကျေးရွာ၊ မုဒုံမြို့နယ်ရှိ ပင်လယ်ကမ်းစပ်နီးကျေးရွာများနှင့် ချောင်းဆုံမြို့နယ်ရှိ အချို့ကျေးရွာများတွင် ရေစတင်ရှားပါးနေပြီဟု သူကဆက်ပြောသည်။
    ပေါင်မြို့နယ် ဥက္ကံရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် “သုံးရေအတွက် ရေကန်ကိုသုံးနေကြတယ်၊ ရေကတော့ သိပ်မကောင်းဘူးပေါ့၊ သောက်ရေအတွက်ကတော့ မြို့နယ်ကျေးလက်ဒေသကနေ နှစ်ရက်သုံးရက်ခြား အလှူလာပေးနေတာရှိတယ်၊ တခါတလေ ငွေကြေး အနည်းအကျဉ်းပေးရတာလည်းရှိတယ်” ဟု ကပြောသည်။

    လက်ရှိ ရေရှားနေသည့် ဒေသများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ရေများ လိုက်ဖြန့်ဝေပို့ဆောင်နေသည်ဟုလည်း တာဝန်ရှိသူများထံမှ သိရသည်။

    ယခုနှစ်သည် မိုးနည်းပြီး နွေကာလကြာရှည်သော အယ်နီညိုရာသီဥတုဖြစ်သည့်အတွက် ယခင်နှစ်များထက် ရေပိုမိုရှားပါးမှုကြုံတွေ့ရမည်ဟု မိုးလေဝသပညာရှင်များက ကြိုတင်သတိပေးထားသည်။

    ၂၀၁၅/၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားနေသည့် အယ်နီညို ရာသီဥတုမှာ မှတ်တမ်းများအရ ၁၅ ရာစုနှစ်မှ စတင်ခဲ့ပြီး နှစ်ပေါင်း ၅၀ဝ အတွင်း အားအကောင်းဆုံး ဖြစ်ပြီး လာမည့် ဇွန်လအထိရှိနေမည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆင်ဟွာသတင်းဌာနသို့ ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks