spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကွန်ဖရင့်အကြိုအစည်းအဝေး မွန်နိုင်ငံရေးပါတီများတက်ရောက်ရန်မသေချာသေး

    မွန်အမျိုးသားကွန်ဖရင့်အကြိုအစည်းအဝေး မွန်နိုင်ငံရေးပါတီများတက်ရောက်ရန်မသေချာသေး

    -

    လာမည့်စနေနေ့တွင်ကျင်းပတော့မည့် မွန်အမျိုးသားကွန်ဖရင့် အကြိုအစည်းအဝေးကို တက်ရောက်မည့် မွန်နိုင်ငံရေးပါတီများ အကြောင်းပြန်ကြားခြင်းမရှိသေးသဖြင့် တက်ရောက်ရန်မသေချာသေးကြောင်း စုံစမ်းသိရှိ ရှိရသည်။

    မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ AMDP အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက “ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမလုပ်ရသေးဘူး။ အရင်တစ်ခါ ညီလာခံလုပ်ခဲ့တုန်းက ကျွန်တော်တို့ စာတင်ထားပြီးပြီ။ ကျွန်တော်တို့ အစည်းအဝေးလည်း မခေါ်ရသေးဘူး” ဟု မွန်သတင်းအေဂျင်စီသို့ မတ်လ (၂၁) ရက်နေ့တွင် ပြောသည်။

    (၂၀၁၃) ခုနှစ်တွင် ကျင်းပခဲ့သော မွန်အမျိုးသားကွန်ဖရင့်တွင် AMDP ပါတီ၏ သဘောထားကို ကျင်းပရေးကော်မတီသို့ တင်ပြထားပြီးဖြစ်သော်ကြောင့် ယခုပြုလုပ်မည့်အစည်းအဝေးနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

    အကယ်၍ မွန်အမျိုးသားညီလာခံ (ကွန်ဗင်းရှင်း) ကျင်းပပါက ဖြစ်မြောက်ရေးကော်မတီတွင် ပါတီအသီးသီး၏အချိုးကျကိုယ်စားလှယ် ပါဝင်ခွင့်ရရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တောင်းဆိုထားသည်ဟု သိရသည်။

    မွန်အမျိုးသားကွန်ဖရင့်-၂၀၁၃(IMNA)
    မွန်အမျိုးသားကွန်ဖရင့်-၂၀၁၃(IMNA)

    အမျိုးသမီးပါတီ (မွန်) က အကြိုအစည်းအဝေးအပါဝင် ကွန်ဖရင့်တွင်လည်း ပြည်တွင်းအင်အားစုများဖြစ်သော မွန်နိုင်ငံရေးပါတီ (၃) ခုစလုံး တက်ရောက်မှသာလျှင် ၎င်းတို့ပါတီအနေဖြင့် တက်ရောက်ဆွေးနွေးရန်ရှိကြောင်း ပြောဆိုမှုရှိခဲ့သည်။

    သို့ရာတွင် ယခုကျင်းပမည့် အစည်းအဝေးသည် ညီလာခံအဆင့်မဟုတ်ဘဲ အကြိုအစည်းအဝေးနှင့် ကွန်ဖရင့်အဆင့်သာဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ မွန်နိုင်ရေးပါတီများအနေဖြင့် တက်ရောက်ရန် အစည်းအဝေးဆုံးဖြတ်ချက် ချထားခြင်း မရှိသေးကြောင်းသိရသည်။

    မွန်အမျိုးသားပါတီက တွဲဖက်အတွင်းရေးမှူး (၁) နိုင်စိုးမြင့်က “ကျွန်တော်တို့က မွန်ပြည်သစ်ပါတီနဲ့ မိတ်ဖက်လုပ်ထားတယ်။ ကျွန်တော်တို့ ပါတီနှစ်ခု ထိပ်သီးအစည်းဝေး လုပ်ဖို့ရှိတယ်။ အဲဒီအစည်းအဝေး ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်” ဟု ပြောသည်။

    ၂၀၁၃ ခုနှစ် မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့သော မွန်အမျိုးသားကွန်ဖရင့်ဆုံးဖြတ်ချက်တွင် မွန်အမျိုးသားညီလာခံကို မွန်နိုင်ငံရေးပါတီများ ဦးဆောင်ကျင်းပရန်ဖြစ်ပြီး ယခုကွန်ဖရင့်ကို မွန်ရေးရာအဖွဲ့ချုပ်- Mon Affair Union-MAU ဦးဆောင်ကျင်းပခြင်းကို နိုင်ငံရေးပါတီတို့က မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ဆိုသည်။

    “ကွန်တော်တို့ရဲ့ ပင်မကော်မတီ အထူးအစည်းအဝေးတောင် ခေါ်ရမလို ဖြစ်နေပြီ။ နိုင်ငံရေးပါတီတွေ မတက်ရင် ဘယ်လိုလုပ်မလဲဆိုတာကို ဆွေးနွေးကြဖို့ပါ” ဟု မွန်အမျိုးသားကွန်ဖရင့် အကြိုအစည်းအဝေးကျင်းပရေး ဒု-အဖွဲ့ခေါင်းဆောင် နိုင်ဝဏ္ဏက ပြောသည်။

    မွန်အမျိုးသားကွန်ဖရင့် အကြိုအစည်းအဝေးကို လာမည့်မတ်လ (၂၆-၂၇) ရက်များတွင် မော်လမြိုင်မြို့၊ ဓာတုမာလာ ဘုန်းတော်ကြီးကျောင်းဝင်း၌ (၂) ရက်တာ ကျင်းပရန်စီစဉ်လျက်ရှိရာ မွန်နိုင်ငံရေးပါတီများမှ “မွန်အမျိုးသားညီ ညွတ်ရေး” ခေါင်းစဉ်ဖြင့် စာတမ်းများ တင်ပြရန်စီစဉ်ထားပြီး မွန်သံဃာတော်များ၊ လူမှုအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီတို့များ စုစုပေါင်းကိုယ်စားလှယ် (၃၀ဝ) ခန့်တက်ရောက် ဆွေးနွေးရန် ဖိတ်ကြားထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    1 COMMENT

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks