spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းကယားပြည်နယ်တွင် အကြီးစားစီမံကိန်းများရပ်စဲထားရန် ကရင်နီအရပ်ဖက်အဖွဲ့အစည်းများတောင်းဆို

    ကယားပြည်နယ်တွင် အကြီးစားစီမံကိန်းများရပ်စဲထားရန် ကရင်နီအရပ်ဖက်အဖွဲ့အစည်းများတောင်းဆို

    -

    ကရင်နီပြည်နယ်(ကယားပြည်နယ်)၊ ဘောလခဲမြို့နယ်အတွင်းရှိ ပွန်ချောင်းပေါ်တွင် ရေကာတာစီမံကိန်းများ တည်ဆောက်ခြင်းသည် လူထုကို နစ်နာမှုများဖြစ်စေပြီး ကရင်နီပြည်နယ်၏ ငြိမ်းချမ်းရေးကိုလည်း ခြိမ်း ခြောက်ရာ ရောက်စေသည့်အတွက် နိုင်ငံရေးဖြေရှင်းချက် မရှိမချင်း ဒေသခံလူထုကို ထိခိုက်နစ်နာမှု ဖြစ်စေ မည့်

    ရေကာတာစီမံကိန်းများအပါအ၀င် အကြီးစားစီမံကိန်းများအားလုံးကို ရပ်စဲထားရန် ကရင်နီအရပ်ဖက် လူမှု အဖွဲ့အစည်း ၁ရ ဖွဲ့က ၂၀၁၆ ခုနှစ်၊မတ် ၁၄ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

    ယခင် စစ်အစိုးရ လက်ထက် ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလတွင် တရုတ်နိုင်ငံ ဒါတန်း ကုမ္ပဏီ နှင့် မြန်မာအစိုးရတို့က ကရင်နီပြည်နယ်အတွင်း လှျပ်စစ်ဓါတ်အား ထုပ်လုပ်နိုင်မည့် ရေကာတာကြီး ၃ ခုကို တည်ဆောက်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြောင်း၊ ဘောလခဲမြို့နှင့် ၁၄ ကီလိုမီတာဝေးကွာသည့် သံလွင်မြစ်ပေါ်တွင် မီဂါဝပ် (၆၀၀) ထုတ် လုပ်နိုင်မည့် ရွာသစ်ရေကာတာ(နောက်ပိုင်းတွင် မီဂါဝပ် ၄၀၀၀ ထုတ်လုပ်ရန် လျာထား) နှင့် ပွန်ချောင်းတွင် ၁၃၀ မီဂါဝပ်၊ သဘက်ချောင်း၌ ၁၁၀ မီဂါဝပ် စသည်တို့ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းများသည် ဒေသခံပြည်သူလူထုများကို အသိပေး ဆွေးနွေးတိုင်ပင်မှု တစ်စုံတစ်ရာမရှိသည့်အပြင် ပွင့်လင်းမြင်သာမှုမရှိဘဲ ၎င်းတို့ အစီအစဉ် အတိုင်း လုပ်ငန်းဆိုင်ရာ တိုင်းတာမှုများပြုလုပ်ခဲ့ကြောင်း ကရင်နီအရပ်ဖက် လူမှု အဖွဲ့အစည်းများ ထုတ်ပြန် ကြေညာခဲ့သည်။

    သံလွင်မြစ်ရေကာတာစီမံကိန်းအချို့(Internet)
    သံလွင်မြစ်ရေကာတာစီမံကိန်းအချို့(Internet)

    ကရင်နီ အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်မှ ခူးကိုရယ် က “ကျွန်တော်တို့ကို ရာစုနှစ်များစွာ အကျိုးပြုတဲ့ ပွန်ချောင်းကို ပိတ်ဆို့တားဆီးတာဟာ ကြီးမားတဲ့ အချေအတင် ဖြစ်စရာ အကြောင်းတစ်ခုဖြစ်တယ်။ ဒီစီမံကိန်းဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ချိန်ကိုက်ဗုံးတစ်လုံးလိုဖြစ် နေပါတယ်။ ပွန်ချောင်းရေကာတာဆောက်လုပ်ပါက ပွန်ချောင်းနဘေးမှ တည်ရှိတဲ့ ရှေးဟောင်းမြို့တော်ဖြစ်တဲ့ ဘောလခဲမြို့က ဒေသခံပြည်သူတွေအပေါ်မှာ ထိခိုက်နစ်နာမှုတွေဖြစ်မှာကို အထူးစိုးရိမ်မိတယ်။ပြီးတော့ KNPP နဲ့ချုပ်ဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလည်း ချိုးဖောက်ရာရောက်ပါတယ်။ဒါက ကရင်နီပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာနိုင်တယ်”ဟု ပြောသည်။

    အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး ကရင်နီအရပ်ဖက်အဖွဲ့အစည်း ၁ရ ဖွဲ့က ရေကာတာစီမံကိန်းလုပ်ဆောင်မည့် ပွန်ချောင်းရေးအားလှျပ်စစ်စီမံကိန်း၏ နေရာသည် ဘောလခဲမြို့နယ်မှ တည်ရှိပြီး ကရင်နီပြည်နယ်၏ အထင် ကရ သမိုင်းဝင်နေရာဖြစ်သော စော်ဘွားများ၏ ဟော်နန်းစိုက်ရန် နေရာဒေသဖြစ်ကြောင်း၊ ကရင်နီမျိုးနွယ်စုဝင် ဖြစ်သော ယင်းတလဲမျိုးနွယ်စု(လူဦးရေအနည်းငယ်သာကျန်ရှိသော)အဓိကနေရာထိုင်ရာဒေသဖြစ်သော ကြောင့် ၎င်းတို့လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ကွယ်နိုင်ခြင်း၊ရေကာတာစီမံကိန်းအတွက် လုံခြုံရေးကို အကြောင်းပြပြီး စစ်အင်အားတိုးချဲ့ချထားခြင်းများ၊မလိုလားအပ်သော စစ်ရေးတင်းမာမှုများနှင့် လူ့ အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အဟန့်အတား ဖြစ်စေမည်ဟု သုံးသပ် ပြောဆိုသည်။

    ထို့ပြင် သံလွင်မြစ်သည် ငလျင်ပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်အရ ကြီးမားသော ငလျင်ပြတ် ရွှေ့ ကြောပေါ်တွင် တည်ရှိသောကြောင့် ရေကာတာတည်ဆောက်ခြင်းသည် များစွာ အန္တရာယ်ဖြစ်စေနိုင် ကြောင်း၊ သံလွင်မြစ်၊ပွန်ချောင်းနှင့်သဘက်ချောင်းများသည် ကရင်နီပြည်နယ်၏ အဓိက အသက်သွေးကြောများဖြစ် သည့် အလျောက် သက်ရှိ ဇီဝမျိုးကွဲဂေဟာစနစ်များတည်ရှိခြင်း၊သစ်တောများ၊စိုက်ပျိုးမြေများနှင့်ငါးဖမ်းခြင်း လုပ်ငန်းများ တည်ရှိခြင်းကြောင့် ဒေသခံပြည်သူများအတွက် မရေမတွက်နိုင်အောင် အကျိုးဖြစ်ထွန်းပြီး မှီခို အားထားရသော မြစ်ချောင်းများဖြစ်ကြောင်း၊အဆိုပါ မြစ်ချောင်းများကို ပိတ်ပြီးရေကာတာများ တည်ဆောက် မည်ဆိုပါက ဇီဝမျိုးကွဲ ဂေဟစနစ်များနှင့်သက်ရှိများ ထိခိုက်ပျက်စီးသွားစေနိုင်ပါကြောင်း ထည့်သွင်းဖော်ပြထား သည်။

    ယင်းနောက် ကရင်နီပြည် အရပ်ဖက်လူမှုအသင်းအဖွဲ့များက နေပြည်တော် အစိုးရ အနေဖြင့် ပွင့်လင်း မြင်သာမှုမရှိဘဲ အကြီးစားရေအားလှျပ်စစ်စီမံကိန်းဖော်ဆောင်ခြင်းသည် KNPP နှင့် အပစ်အ ခတ်ရပ်စဲ ရေးသဘောတူစာချုပ်အတွင်းတွင် ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ်အတွင်း အကြီးစား စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူမှုတာဝန်ခံမှုရှိကာ ဒေသခံ ပြည်သူများ၏ ဆုံးရှုံး နစ်နာမှုမရှိအောင် အာမခံချက်ရှိရမည် ဆိုသည့် အချက်ကို ချိုးဖောက်နေသည်ဖြစ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီ စနစ်အောက်ရှိ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်မရှိမချင်း နှင့် တိုင်းရင်းသားပြဿနာကို ဖြေရှင်းပေးနိုင်သည့် နိုင်ငံရေး ဖြေရှင်းချက်မရှိမချင်း ဒေသခံလူထုကို ထိခိုက်နစ်နာမှုဖြစ်စေမည့် ရေကာတာ စီမံကိန်းများ အပါအဝင် အကြီးစား စီမံကိန်းများအားလုံးကို ရပ်စဲထားရန် မတ် ၁၄ ရက်က တောင်းဆိုလိုက် ခြင်းဖြစ်သည်။

    ကရင်နီအရပ်ဖက်အဖွဲ့အစည်းများတွင် အနာဂတ်သံလွင်၊ကရင်နီပြည် တောင်သူသမဂ္ဂ၊ ကရင်နီအမျိုးသမီးအစည်းအရုံး၊လူငယ်အားမာန်(CYC)၊ကယားပြည်နယ်လူငယ်ကွန်ယက်၊ကယားပြည်နယ် ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးယွန်ယက်၊ဥပဒေအိမ်၊အမျိုးသမီးဘဝလုံခြုံမှုဂေဟာ(WSH)၊ကယားပြည် လူ့အခွင့်အရေးနှင့်သဘောဝပတ်ဝန်းကျင် ဆောင်ရွက်မှု(KEAN)၊ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY)၊ ကယန်းမျိုးဆက်သစ်လူငယ်(KNGY)၊ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO)၊ကယန်းအမျိုးသမီး အစည်းအရုံး(KYWO)၊ကရင်နီအရပ်ဖက်လူမှုအသင်းအဖွဲ့ကွန်ယက်(KCSN)၊ကရင်နီအမြဲစိမ်း(KEG)၊ ကရင်နီ လူမှုဖူလုံရေးနှင့်ဖွံ့ဖြိုးရေးပင်မ(KSWDC)၊ကရင်နီကျောင်းဆရာမ/မများသမဂ္ဂ(KTU)၊တို့ ပါဝင်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts