မွန်ပြည်နယ်တွင် ပြီးခဲ့သည့်သီတင်းပတ်က အချိန်အခါမဟုတ်မိုးများရွာသွန်းမှုကြောင့် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ဆားကွင်းများမိုးရေများဖြင့်ပြည့်ခဲ့ရပြီး တာရိုးများလည်း ပျက်စီးခဲ့ကာ ယခုအချိန်အထိ ပြန်လည်ပြုပြင်နေရကြောင်း ဆားလုပ်ငန်းရှင်မျာထံမှ သိရသည်။
မိုးမရွာမီကာလတွင် ဆားများကို ဂိုဒေါင်ထဲသို့ တစ်ဝက်ခန့်သယ်သွင်းနိုင်ခဲ့သော်လည်း ကျန်ဆားတစ်ဝက်ခန့်မှာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မိုးရွာမှုကြောင့် လှန်းထားသည့်ဆားရေများ ဒီဂရီလျော့ကျပြီး ဆားများလည်း အထွက်နှုန်းလျော့ကျ လိမ့်မည်ဟု ပငဆားလုပ်ငန်းရှင်တို့က ပြောကြသည်။
ဆားကွင်းမန်နေဂျာ ဦးကျော်လွင်က “ဒီလိုလမျိုးဆိုရင် ၁၀ ရက်လောက်လှန်းပြီးရင် ဆားကိုကျုံးယူတာပေါ့၊ အဲ လိုအနေအထားမှာ မိုးကရွာသွားတာပေါ့၊ မိုးရွာတဲ့အတွက် ကျုံးကွက်ထဲကဆားတွေပျက်စီးတယ်၊ လှန်းထား တဲ့ရေတွေကလည်း ဒီဂရီလျော့သွားတယ်” ဟု ပြောသည်။
ယခုအချိန်တွင် တာရိုးများ ပြုပြင်ခြင်းနှင့် ဆားကွင်းများမြေညှိခြင်းလုပ်ငန်းတွေကို တစ်ပတ်ခန့်အချိန်ယူပြုပြင်ရ မည်ဟု ပြောကြသည်။
“မိုးရွာတုန်းကတော့ တစ်ရက်နှစ်ရက်နားရတာပေါ့၊ လစားအလုပ်သမားတွေကတော့ တာရိုးပြင်တာတွေ၊ မြေညှိ တာတွေလုပ်ရတယ်။ တခြားအလုပ်သမားတွေကတော့ ဂိုဒေါင်ထဲထည့်ထားတဲ့ ဆားတွေကို ကားပေါ် တင်တာ တွေ လုပ်ရတာပေါ့” ဟု ဆားလုပ်သားတစ်ဦးဖြစ်တဲ့ နိုင်ဉာဏ်သာ ကပြောသည်။
မိုးရွာမူကြောင့်ဆားများပျက်စီးသဖြင့် ဆားဈေးအနည်းငယ်တက်ခဲ့ကြောင်း၊ ဆားအထွက်လျော့နည်းခြင်းကြောင့် ဆား ဈေးတက်ရခြင်းဖြစ်ကြောင်းကိုလည်း ဆားလုပ်ငန်းရှင်များထံမှ သိရသည်။
“မိုးမရွာခင်တုန်းကတော့ ဆားဈေးက တစ်ပိဿာကို ရှစ်ဆယ့်ငါးကျပ် နှုန်းလောက်ရှိတယ်၊ မိုးလည်းရွာပြီးတဲ့ နောက်ပိုင်း ဆားဈေးက တစ်ရာလောက်ဖြစ်သွားတယ်။ မိုးမရွာဘူးဆိုရင် ခုနှစ်ဆယ်ကျပ်၊ ခြောက်ဆယ်ကျပ် အဲဒီလိုလျော့သွားတယ်” ဟု ဆားကွင်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်စန်းရီ က ပြောသည်။
သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် ဆားကွင်းဧကပေါင်း ငါးထောင်နီးပါးခန့်ရှိပြီး နှစ်စဉ် ဆားပိဿာချိန်ပေါင်း သိန်းခြောက်ဆယ်မှ သိန်းခုနှစ်ဆယ်ခန့် ထွက်ရှိသည်ဟု ပငကျေးရွာရှိ ဆားလုပ်ငန်းရှင်များ ပြောပြချက်အရ သိရသည်။