Homeသတင်းပါလိတမဟာထေရ် စာကြည့်တိုက်နှင့် မွန်စာပေသမိုင်းပြတိုက် ဆောက်လုပ်မည်

ပါလိတမဟာထေရ် စာကြည့်တိုက်နှင့် မွန်စာပေသမိုင်းပြတိုက် ဆောက်လုပ်မည်

-

မွန်သမိုင်းစာပေကို အစဉ်တစိုက် ရေးသားခဲ့သည့် မွန်ကျမ်းပြုအကျော် ဆရာတော်နှင့် ပညာရှင်များအား ဂုဏ်ပြုချီးမြှင့်သောအနေဖြင့် ကမာဝက်မြို့တွင် ပါလိတမဟာထေရ် စာကြည့်တိုက်နှင့် မွန်စာပေသမိုင်းပြတိုက် ဆောက်လုပ်သွားမည်ဟု ကျောင်းဒါယကာများထံမှ သိရသည်။

ထိုစာကြည့်တိုက်နှင့် ပြတိုက်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပညာသင်ကြားလျက် ရှိသည့် သံဃာတော်များက ဦးဆောင်ကမကထပြု၍ လက်ရှိသက်တော်ထင်ရှား မွန်သမိုင်းကျမ်းပြုဆရာတော် ဘဒန္တပါလိတမဟာထေရ် သီတင်းသုံးရာ ကမာဝက်မြို့ ဓာတ်တော်ကျောင်းတိုက်တွင် ဆရာတော်ကြီး၏ ဘွဲ့အမည်ဖြင့် ဆောက်လုပ်လှူဒါန်းခြင်း ဖြစ်သည်။

ဆရာတော်ပါလိတမဟာထေရ်(Copy)
ဆရာတော်ပါလိတမဟာထေရ်(Copy)

ဓါတ်တော်ကျောင်းတိုက် ဒါယိကာမတစ်ဦး ဖြစ်သည့် ဒေါ်နန်းစိန် က “ဒီလို ဆောက်လုပ်တာဟာ ဆရာတော်ကြီးရဲ့ အလိုလားဆုံး အဖြစ်ချင်ဆုံးဆန္ဒကို ဖြည့်ဆည်းရာ ရောက်တဲ့အတွက် ဆရာတော်ကြီးကို ပူဇော်ရာ ရောက်သလို၊ ဆရာတော်ကြီး ရေးသားထားတဲ့ စာပေတွေကိုလည်း ထိန်းသိမ်းရာ ရောက်တယ်” ဟု ပြောသည်။

မျိုးချစ်စိတ်ဓါတ် ထက်သန်သူတစ်ဦး ဖြစ်သည့် ဘဒန္တပါလိတမဟာထေရ် ဆရာတော်ကြီးသည် မွန်ဘာသာဖြင့် သမိုင်း၊ ပုံပြင်နှင့် ဇာတ်နိပါတ်စာအုပ်ပေါင်း တစ်ရာကျော် ရေးသားထုတ်ဝေခဲ့ပြီး၊ လက်ရှိအချိန်ထိ မွန်ဘာသာမဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသားလျက် ရှိသည်။

လက်ရှိတွင် နိုင်ငံတော်သြဝါဒါစရိယ ဖြစ်သည့် သက်တော် ၉၂ နှစ်၊ သိက္ခာတော် ၇၀ ဝါရှိ ဆရာတော်ကြီးသည် နိုင်ငံတော်အစိုးရမှ ဆက်ကပ်သည့် အဂ္ဂမဟာဂန္ထဝါစကဘွဲ့ရ ဆရာတော်တစ်ပါး ဖြစ်ပြီး၊ မွန်စာပေကို အစဉ်တစိုက် အားထုတ်ကြိုးစားရေးသားခဲ့ခြင်းကြောင့် မွန်ပြည်သစ်ပါတီမှ ဆက်ကပ်သည့် မွန်စာပေထူးချွန်ဆုကိုလည်း လက်ခံရရှိခဲ့သည်။

ဆရာတော်ကြီးသည် မဆလ အစိုးရလက်ထက်တွင် “လိက်ဂတာပ်ခေတ်” အမည်ရှိ မွန်ဘာသာမဂ္ဂဇင်းကို ထုတ်ဝေခြင်းနှင့် မဆလအစိုးရမှ ဖော်ဆောင်ပေးခဲ့သည့် အမည်ခံ မွန်ပြည်နယ်နှင့် သရော်စာ ရေးသားခဲ့ခြင်းကြောင့် ဖမ်းဆီးထောင်ချခဲ့ရသည်။

စာကြည့်တိုက်နှင့် ပြတိုက်ကို သိန်း ၃၀၀၀ ကုန်ကျမည်ဟု လျာထားပြီး လာမည့်တပို့တွဲလဆန်း ၃ ရက်နေ့ (ဖေဖော်ဝါရီလ ၁၁) တွင် ရတနာအုတ်မြစ်စီ မင်္ဂလာအခမ်းအနားကို ကျင်းပသွားမည် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts