spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်ရှိ ရွှေ့ပြောင်းရေလုပ်သား အများစု ရေလုပ်သား မှတ်ပုံတင်မရှိ

    ရေးမြို့နယ်ရှိ ရွှေ့ပြောင်းရေလုပ်သား အများစု ရေလုပ်သား မှတ်ပုံတင်မရှိ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ရွှေ့ပြောင်းရေလုပ်သား အများစုမှာ ရေလုပ်သား မှတ်ပုံတင်ထားခြင်း မရှိကြောင်း ကိုယ်တိုင်သွားရောက်လေ့လာထားသည့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုအဖွဲ့မှ ကိုနေထွန်း က ပြောသည်။

    ရွှေ့ပြောင်းရေလုပ်သားများကိစ္စ တွေ့ဆုံဆွေးနွေးပွဲ(MNA)
    ရွှေ့ပြောင်းရေလုပ်သားများကိစ္စ တွေ့ဆုံဆွေးနွေးပွဲ(MNA)

    ရွှေ့ပြောင်းရေလုပ်သားကိစ္စနှင့် ပတ်သက်၍ လေးရက်တာ သွားရောက်လေ့လာပြီးနောက်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရေးမြို့ သီရိခေမာရပ်ကွက် သာသနာ ၂၅၀ဝ စေတီတော် သာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်သည့် “ရေးမြို့နယ်တွင်းရှိ ရွှေ့ပြောင်းရေလုပ်သားများကိစ္စ တွေ့ဆုံဆွေးနွေးပွဲ” တွင် ပြောကြားခြင်း ဖြစ်သည်။

    “တချို့နေရာတွေမှာ ရေလုပ်သားတစ်ရာရှိတယ်။ တစ်ရာလုံး မှတ်ပုံမတင်နိုင်တဲ့ အနေအထားမှာ ရှိတာ တွေ့ရတယ်” ဟု သူက ပြောသည်။

    ရေးမြို့နယ်အတွင်းရှိ ရွှေ့ပြောင်းရေလုပ်သားအများစုမှာ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးများမှ ဖြစ်ကြပြီး ရေလုပ်သားစုစုပေါင်း ၃၀ဝ၀ ဝန်းကျင် ရှိသည်ဟု တက်ရောက်ဆွေးနွေးသည့် ရေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ သို့သော်လည်း ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းအရ ရွှေ့ပြောင်းရေလုပ်သား ၁၀ဝ၀ ဝန်းကျင်သာ မှတ်ပုံတင်ထားခြင်း ရှိကြောင်း သိရသည်။

    ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းဦး က “ရေလုပ်ငန်းရှင်တွေက ကျွန်တော်တို့မှာ ရေလုပ်သားကတ် မလုပ်ဘဲနဲ့ နားလည်မှုနဲ့ တင်သွားတဲ့ဟာတွေ ရှိတယ်။ လှေထွက်လို့ ခေါ်သွားတာမျိုး မဟုတ်ဘဲနဲ့ ဖောင်တွေမှာ လုပ်နေတာတွေလည်း ရှိတယ်” ဟု ပြောသည်။

    မှတ်ပုံတင် မရှိသည့်အတွက် ရွှေ့ပြောင်းရေလုပ်သားများ၏ အကျင့်စာရိတ္တပိုင်းများ ထိခိုက်လာနိုင်ပြီး၊ တရားဥပဒေ စိုးမိုးရေးကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟု ကိုနေထွန်း က ပြောသည်။

    “မှတ်ပုံမတင်ထားတော့ စာရင်းပျောက်နေတယ်။ စာရင်းပျောက်တော့ ပင်လယ်ပြင်ကို ရောက်နေတယ်။ မတစ်ထောင်သားတွေ ဖြစ်လာတယ်ပေါ့လေ” ဟု သူက ပြောသည်။

    တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး စီစဉ်သူ လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့၏ ဒါရိုက်တာ ကိုဂျင်မီကလည်း ယမန်နှစ်တွင် ရေးမြို့နယ် ပင်လယ်ပြင်အတွင်း သေမှုသေခင်း ၄၅ မှုထိ ဖြစ်ပေါ်ခဲ့သည်ကို သိရှိရကြောင်း၊ လူကုန်ကူးမှု မမြောက်သော်လည်း လူကုန်ကူးမှုနှင့် အလားသဏ္ဍာန်တူကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရေလုပ်ငန်းရှင်များအနေနဲ့ ကိုင်တွယ်ဖြေရှင်းမှု အားနည်းကြောင်း ပြောသည်။

    ရေးမြို့မ ရဲစခန်းမှ ရဲအုပ် လင်းသူဇော် ကလည်း ၂၀၁၅ ခုနှစ်၌ ကပ္ပလီပင်လယ်ပြင် ငါးဖမ်းကျားဖောင် ရွှေ့ပြောင်းရေလုပ်သားများအတွင်း မုဒိမ်းမှု၊ လုယက်မှု၊ လူသတ်မှု စသည့် မှုခင်းပေါင်း ၁၉ ခု ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

    ရေးမြို့နယ်အတွင်းတွင် တံငါလုပ်ငန်းသုံး ကမ်းဝေးငါးဖမ်းလှေ ၁၇၁ စီးနှင့် ကမ်းနီးငါးဖမ်းလှေ ၄၅၀ စီး အပါအဝင် ငါးဖမ်းကျားဖောင် အမြောက်အမြားရှိပြီး ရွှေ့ပြောင်းရေလုပ်သားအများစုမှာ အဘော်ကျားတန်း၊ ချောင်းတောင်၊ အစင်နှင့် ဇီးဖြူသောင် စသည့်ကျေးရွာများရှိ ရေလုပ်ငန်းများတွင် လုပ်ကိုင်လျက် ရှိကြောင်း ရေးမြို့နယ် ရေလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

    ဆွေးနွေးပွဲသို့ ရေးမြို့နယ် အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်မြို့နယ် အရပ်ဖက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရေလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး၊ ရွှေ့ပြောင်းရေလုပ်သားပြဿနာ လျှော့နည်းပပျောက်ရေးနည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks