spot_img
Saturday, January 31, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်အစိုးရသစ်နှင့်ပြည်တွင်းငြိမ်းချမ်းရေး

    အစိုးရသစ်နှင့်ပြည်တွင်းငြိမ်းချမ်းရေး

    -

    အနိုင်ရပါတီ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဇန်နဝါရီ (၄) ရက် လွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အခြေပြုဖက်ဒရယ်ပြည်ထောင်စုအရေး ဖွင့်ဟပြောဆိုခဲ့ခြင်းအပေါ် ကြည့်ခြင်းအားဖြင့် နောင်တက်လာမည့် အစိုးရသစ်သည် ဖြစ်ရှိနေသည့် တိုင်းပြည်၏ အဓိကပြဿနာများကို စစ်မှန်သည့်နည်းလမ်းဖြင့် ဖြေရှင်းသွားမည်ဟု ယုံကြည်မိပါသည်။

    အင်န်အယ်လ်ဒီပါတီသည် အတိုက်ခံဘဝနှင့် မဲဆွယ်စည်းရုံးစဉ် ကာလများတွင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ တိုင်းရင်းသား အခွင့်အရေးကိစ္စနှင့်စပ်လျှဉ်း၍ ဟုတ်တိပတ်တိ ပြောဆိုခဲ့ခြင်း မရှိသော်ငြား မြန်မာပြည်သူများနှင့် တိုင်းရင်းသားတို့က တိုင်းပြည်အပြောင်းအလဲကို အမှန်တကယ် လိုလားသောကြောင့် အင်န်အယ်လ်ဒီပါတီနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တစ်ခဲနက် မဲပေးထောက်ခံခဲ့ကြသည်ကို ထောက်ရှုကြည့်ခြင်းအားဖြင့် အင်န်အယ်လ်ဒီပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ထမ်းဆောင်ရမည့်နိုင်ငံ့ဝန်တာသည် ကြီးလေးသောတာဝန်ဖြစ်သည်။

    အင်န်အယ်လ်ဒီပါတီသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အရေးတို့ကို (၂၇) နှစ်လုံးလုံး အင်တိုက်အားတိုက် အဆက်မပြတ် ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်လာခဲ့သောကြောင့် ပြဿနာ အရင်းအမြစ်အားလုံကို ခြုံငုံမိပြီးဖြစ်သည်။ ငြိမ်းချမ်းမှု အေးချမ်းမှု မရှိလျှင် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာမည် မဟုတ်ကြောင်းကို မကြာခင်တက်လက်လာမည့် အစိုးရသစ်တို့ နားလည် သဘောပေါက်ထားပြီး ဖြစ်သောကြောင့် ငြိမ်းချမ်းမှု၊ အေးချမ်းမှု ရရှိရန်အတွက် ဦးစွာလုပ်ဆောင်ရမည်ကို သိရှိထားပြီး ဖြစ်သည်။

    သို့သော် ငြိမ်းချမ်းရေးဖေါ်ဆောင်ရာတွင် အစိုးရသစ်အနေဖြင့် ရင်ဆိုင်ရမည့် စိမ်ခေါ်မှုတို့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မဟုတ်ပါ။ တကယ့်ကြုံတွေ့ရမည့် ရင်ဆိုင်ရမည့် စိမ်ခေါ်မှုမှာ အာဏာရှိ တပ်မတော်သာ ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်မည်ဆိုလျှင် စစ်တပ်အခန်းကဏ္ဍသည် နိုင်ငံရေးအခင်းအကျင်းတွင် လွှမ်းမိုးထားနိုင်မှုမရှိသလို စစ်ရေးတွင်လည်း ထင်ရာစိုင်းလို့ ရတော့မည်မဟုတ်ပါ။

    ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပြီးဆိုပါက စစ်တပ်အခန်းကဏ္ဍ မည်သို့ဖြစ်နိုင်မည်လဲ။ ပြည်သူများ အပါအဝင် အင်န်အယ်လ်ဒီ အစိုးရနှင့် တိုင်းရင်းသား လူမျိုများ လိုလားနေသည်မှာ ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးပင် ဖြစ်သည်။ စစ်တပ်၏ ရပ်တည်ချက်က ၎င်းတို့စစ်အာဏာကို ထိန်းထားနိုင်ရန်အတွက် ၎င်းတို့ အတည်ပြုထားသည့် ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို အထိမခံ ရွှေပန်းကန်အဖြစ် လက်မလွတ်စတမ်း ဆုပ်ကိုင်ထားသည်။ အခွင့်ထူးခံအဖြစ် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းနှင့် အစိုးရဝန်ကြီးနေရာများကို အော်တိုမစ်တစ် အပိုင်စီးခွင့်ရရှိနေခြင်းမှာ ၎င်းတို့၏ ဖွဲ့စည်းပုံကြောင့်သာလျင် ဖြစ်ပေသည်။

    အင်န်အယ်လ်ဒီ အစိုးရအနေဖြင့် ငြိမ်းချမ်းရေး မဖြစ်ဖြစ်အောင် တည်ဆောက်မည်ဆိုပါက ဦးစွာပထမ စစ်တပ်အတွင်း တင်းမာနေသည့် သဘောထား ကျင်းမြောင်းသည့်အမြင်များကို ဖယ်ရှာရန်အတွက် စစ်တပ်နှင့် ပြေလည်အောင် ဆွေးနွေးညှိနှိုင်းရပါမည်။ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်အောင်လည်း စစ်တပ်နှင့် ဆွေးနွေးရဦးမည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်နေသည့် တိုက်ပွဲများ ရပ်ဆိုင်းသွားမှသာလျင် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်အပေါ် လက်မှတ် မရေးထိုးရသေးတဲ့အဖွဲ့များ လက်မှတ်ရေးထိုးနိုင်မည်။ လက်နက်ကိုင် အဖွဲ့အားလုံး လက်မှတ်ရေးထိုးပြီး ဆိုပါက စစ်မှန်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကောင်အထည်ဖေါ်ဆောင် ရပါမည်။

    လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရ ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် တစ်ပြည်လုံးအတိုင်းအတာ မဆောင်ဘဲ တစ်ခြမ်းပဲ့ လက်နက်ကိုင် (၈) ဖွဲ့နှင့်သာ အဓိကထား ဆွေးနွေးနေခြင်းသည် အနှစ်သာရ ကင်းလျှက်ရှိပါသည်။ စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် မဟုတ်ပေ။ တစ်စိတ်တစ်ပိုင်းသော အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးစကားဆိုပြီး တစ်စိတ်တစ်ပိုင်းသော အဖွဲ့အား စစ်ပွဲပြုလုပ်နေခြင်းသည် မရိုးသားသောလုပ်ရပ်ဖြစ်သည်။

    ထိုကြောင့် အနိုင်ရပါတီ အင်န်အယ်လ်ဒီ အစိုးရဖြစ်လျင် အခြေအနေ အရပ်ရပ် ရှုထောင့်မျိုးစုံ ခြုံငုံသုံးသပ်ပြီး စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိအောင် လုပ်ဆောင်ရသကဲ့သို့ ဒီမိုကရေစီစနစ် တည်းတံ့ တိုးတက်အောင်လည်း ကြိုးပမ်းရမည်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks