spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကြိုးပမ်းမည်ဟု မွန်ပြည်သစ်ပါတီသဘောထားထုတ်ပြန်

    စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကြိုးပမ်းမည်ဟု မွန်ပြည်သစ်ပါတီသဘောထားထုတ်ပြန်

    -

    ရေရှည်တည်တန့်ခိုင်မြဲ ဖွံ့ဖြိုးတိုးတက်သည့်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးအတွက် နိုင်ငံရေးနည်းအရ ညှိနှိုင်းအဖြေရှာ ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေပြင်ဆင်ပြီး စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟု ယနေ့ကျင်းပပြီးစီးသည့် နဝမအကြိမ် မွန်ပြည်သစ်ပါတီဗဟိုညီလာခံက ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

    ယင်းသို့ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများအားလုံးအတူတကွ ညီညွတ်စွာ ကြိုးပမ်းအားထုတ်ကြပါရန် မွန်ပြည်သစ်ပါတီက လေးနက်စွာတိုက်တွန်းလိုက်သည်ဟု ဆိုသည်။

    မွန်ပြည်သစ်ပါတီ၏ ရှေ့လုပ်ငန်းစဉ်များတွင် မွန်တစ်မျိုးသားလုံး ညီညွတ်ရေး၊ လူမျိုးစုံချစ်ကြည်မှု တည်ဆောက်ရေး၊ သုံးပွင့်ဆိုင်နိုင်ငံရေးတွေ့ဆုံအဖြေရှာ၍ တစ်ပြည်လုံးငြိမ်းချမ်းရေးပေါ်ထွန်းလာစေရေး၊ ခိုင်မာသော ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ မိမိကံကြမ္မာ မိမိတို့ဖန်တီးခွင့်ရှိသော စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုနှင့် ဒီမိုကရေစီအခွင့်အရေး အပြည့်အဝရရှိရေးအတွက် ဦးတည်အကောင်အထည်ဖော်ဆောင်သွားမည်ဟု ကြေညာချက်၌ အတိအလင်းဖော်ပြထားသည်။

    မကြာမီလပိုင်းတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီပါတီအစိုးရသစ် ဦးဆောင်မည်ဆိုသော်လည်း လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မျှော်လင့်ထားသလိုဖြစ်လာနိုင်မည်မဟုတ်ကြောင်း မွန်သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းချက်တရပ်တွင် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က ပြောသည်။

    မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က “မကြာမီတက်လာမယ့်အစိုးရသစ်က ဒီမိုကရေစီပါတီ၊ ဒီမိုကရေစီအစိုးရလို့ ဆိုရမှာပေါ့၊ အကောင်းဘက်ကို ပြောကြစတမ်းဆိုရင် ကောင်းမွန်တာပေါ့၊ ဒါပေမယ့် အားလုံးရဲ့ လိုချင်တဲ့ဆန္ဒအတိုင်း ဖြစ်မလာနိုင်သေးဘူး၊ ဘာကြောင့်လည်းဆိုတော့ စစ်တပ်စိုးမိုးထားတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံရဲ့ အဝန်းအဝိုင်းထဲမှာ ရှိနေသေးလို့ပါ” ဟု ပြောသည်။

    လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ NLD အစိုးရအနေဖြင့် မိမိတို့မျှော်လင့်ထားသည့်အတိုင်း အကောင်အထည်ဖော်ဆောင်သွားရန် လွယ်ကူဦးမည်မဟုတ်ကြောင်း၊ နောင်တက်လာမည့် ဒီမိုကရေစီအစိုးရသစ်နှင့် မြန်မာ့တပ်မတော်တို့၏ ညှိနှိုင်းအပေးအယူရှိမှုအပေါ် မူတည်နေကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ၂၀ဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်ခြင်းမပြုနိုင်ပါက ပြည်သူလူထုအားလုံး သုခချမ်းသာရရှိနိုင်မည် မဟုတ်သေးကြောင်း နိုင်ထောမွန်က ဆိုသည်။

    သူက “ငြိမ်းချမ်းရေးရရှိဖို့ ကျနော်တို့ဆက်လက်ကြိုးပမ်းသွားမယ်၊ နိုင်ငံတကာဘက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးအောင်မြင်ဖို့ အကူအညီပေးအပ်နေတယ်၊ ကျနော်တို့ဘက်ကလည်း စစ်မှန်တဲ့ပြည်ထောင်စု ပေါ်ထွန်းဖို့ကြိုးပမ်းမယ်၊ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးလမ်းကြောင်း ရှိနေတယ်” ဟု ဆက်ပြောသည်။

    နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်မှုရပ်စဲရေးစာချုပ် NCA တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရေးထိုးရန် လက်ရှိအစိုးရလက်မခံသဖြင့် မွန်ပြည်သစ်ပါတီအနေဖြင့် လက်မှတ်မရေးထိုးသေးခြင်းဖြစ်ကြောင်း၊ UNFC တပ်ပေါင်းစုအတိုင်း ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း၊ အစိုးရသစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် UNFC ကိုယ်စားလှယ်ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။

    နဝမအကြိမ်မြောက် မွန်ပြည်သစ်ပါဗဟိုညီလာခံကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ပါတီကိုယ်စားလှယ် ၁၂၂ ဦး၊ လေ့လာသူ ၁၈ ဦး၊ အကြံပေးအဖွဲ့ ၁၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း ပါတီညီလာခံအပြီး ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks