spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်၊ ဖာလိန်ဒေသတွင် ဒီရေတော စိုက်မည်

    ရေးမြို့နယ်၊ ဖာလိန်ဒေသတွင် ဒီရေတော စိုက်မည်

    -

    အာကာ – သဘာဝဘေးအန္တရာယ်ဒဏ်ကို ကာကွယ်ရန် ရည်ရွယ်၍ ရေးမြို့နယ်၊ ဖာလိန်ဒေသ ပင်လယ်ကမ်းစပ်တ​လျှောက်တွင် ဒီဇင်ဘာလအတွင်း ဒီရေတော စိုက်ပျိုးရန် စီစဉ်လျက် ရှိသည်ဟု အံဒင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ လက်ထောက်ဆရာတော်် ဦးနန္ဒ က

    မိန့်သည်။

    ဒီရေတောများ စိုက်နိုင်ရန်အတွက် လေ့လာမှု ပြုလုပ်စဉ်(Photo Credit - Montree Chantawong)
    ဒီရေတောများ စိုက်နိုင်ရန်အတွက် လေ့လာမှု ပြုလုပ်စဉ်(Photo Credit – Montree Chantawong)
    ဦးနန္ဒ က “ခွင့်ပြုချက် တင်ထားတာ ခုထိ မချပေးသေးဘူး။ ခွင့်ပြုချက် မချပေးရင်လည်းပဲ ဒီလထဲမှာ စိုက်ဖို့ ဦးဇင်းတို့ ဒေသခံတွေ သဘောတူထားကြပြီ” ဟု မိန့်သည်။

    ဒီရေတော ပြုစုပျိုးထောင်ခွင့် ရရှိရန်အတွက် သြဂုတ်လ ၂ ရက်နေ့တွင် ဖာလိန်ဒေသ၊ အံဒင်ကျေးရွာအုပ်စုမှ ဒေသအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး မြို့နယ်တာဝန်ရှိသူများထံသို့ သွားရောက်တင်ပြခဲ့သော်လည်း ၄ လကျော် ကြာမြင့်သည်ထိ အကြောင်းပြန်ခြင်း၊ ခွင့်ပြုခြင်း မရှိသေးသည့်အတွက် ခွင့်ပြုချက် မစောင့်ဘဲ ဒေသခံများ၏ အင်အားဖြင့် စိုက်ပျိုးရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဆရာတော်က မိန့်သည်။

    ဖာလိန်ဒေသတွင် ဒီရေကြောင့် တာတမံများ ကျိုးပေါက်ပြီး နှစ်ပေါင်းများစွာ စပါးမစိုက်ပျိုးနိုင်သည့်အတွက် ဒီရေကို အကာအကွယ်ပေးနိုင်မည့် ဒီရေတောများ စိုက်ပျိုးရန် လိုအပ်လျက် ရှိသည်ဟု ဦးဆောင်သူများက ပြောသည်။

    ထိုဒေသတွင် တာတမံ ကျိုးပျက်ခြင်းကြောင့် လယ်မြေဧက ၇၀၀ ကျော်တွင် နှစ် ၂၀ ခန့် စပါး မစိုက်ပျိုးနိုင်ဘဲ ပစ်ထားခဲ့ရသည်ဟုလည်း အံဒင်ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင် ဦးအောင်လင်း က ပြောသည်။

    ဒီရေတော ပျိုးထောင်ခွင့် ရရှိရန် ဦးဆောင်လှျောက်ထားသူလည်း ဖြစ်သည့် ဦးအောင်လင်း က “တာတမံတွေ ကျိုးလို့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တာတမံ ထပ်ဆောက်ခဲ့သေးတယ်။ ရာသီဥတုဒဏ်၊ ဒီရေဒဏ် မခံနိုင်လို့ တမံတွေ ခဏခဏ ကျိုးတယ်။ ဒါ့ကြောင့် အခုလယ်ပျက်နေတဲ့အစပ်မှာ ဒီရေတော ပြုစုပျိုးထောင်ဖို့ လှျောက်ထားရတာပါ” ဟု ပြောသည်။

    ဒီရေတောသည် လေဘေးဒဏ်နှင့် ဒီရေရိုက်ခတ်မှုဒဏ် စသည်တို့ကို ကာကွယ်ပေးနိုင်သည့်အတွက် တာတမံ ကျိုးပေါက်ခြင်းကို ​လျှော့နည်းစေနိုင်သည့်အပြင်၊ ဆန်စပါး ပြန်လည်စိုက်ပျိုးနိုင်ခြင်းနှင့် ရေသတ္တဝါများ ခိုအောင်းရာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်ဟု သဘာဝပတ်ဝန်းကျင် လေ့လာသူများက ပြောသည်။

    သဘာဝပတ်ဝန်းကျင် လေ့လာသူတစ်ဦး ဖြစ်သည့် ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့မှ ဦးညီသွေး က “ဒီရေတောက အခြားတောတွေထက် ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ပိုစုပ်ယူနိုင်တယ်။ Global warming ကမ္ဘာကြီးရဲ့ ပျမ်းမှျအပူချိန် တိုးလာမှုကိုလည်း ထိန်းထားနိုင်တယ်။ နောက်ပြီး မုန်တိုင်းဒီရေ storm surge တို့၊ ဆူနာမိလိှုင်းတို့ကို အရှိန်တားထားနိုင်တဲ့ အကာအကွယ် ဖြစ်တယ်။ ဒါတွေက ဒီရေတောရှိတဲ့ အကျိုးတွေပေါ့” ဟု ပြောသည်။

    ငါး၊ ပုဇွန်ပေါကြွယ်ဝမှုနှင့် တိုက်ရိုက်ဆပ်စပ်နေသော လမုတော ဧရိယာများ ပျက်စီးမှု မဖြစ်စေရန် ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ထားရန် အထူးပင် လိုအပ်ကြောင်းကို အဏ္ဏဝါဗေဒ ပညာရှင်များက သြဂုတ်လအတွင်း ရေးမြို့တွင် ကျင်းပခဲ့သည့် ရေးမြို့ဟောင်းသမိုင်း သုတေသန စာတမ်းဖတ်ပွဲတွင် ထောက်ပြခဲ့ကြသည်။

    ရေးမြို့နယ်အတွင်း ဒီရေတော ၂၉၉ ဧက ထိန်းသိမ်းထားလျက် ရှိပြီး၊ ဆက်လက်ပြုစုထိန်းသိမ်းထားနိုင်ရေး အစီအစဉ်များ ရှိကြောင်းလည်း ရေမြို့နယ် သစ်တောဦးစီးဌာနက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks