spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကျောက်မီးသွေးစီမံကိန်းအကူအညီမပေးရန် ဂျပန်ဘဏ်များကို တောင်းဆို

    ကျောက်မီးသွေးစီမံကိန်းအကူအညီမပေးရန် ဂျပန်ဘဏ်များကို တောင်းဆို

    -

    ဂျပန်သို့ သွားရောက်အရေးဆိုသည့်အဖွဲ့(FacebooK)
    ဂျပန်သို့ သွားရောက်အရေးဆိုသည့်အဖွဲ့(FacebooK)
    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ဂျပန်ဘဏ်များ ဖြစ်ကြသည့် Japan Bank for International Coo-peration (JBIC) နှင့် Japan International Cooperation Agency (JICA) တို့အနေဖြင့် မြန်မာနိုင်ငံအတွင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများအတွက် ကူညီမှုမပြုရန်

    ဒေသခံကိုယ်စားပြုသူများက ဂျပန်နိုင်ငံရှိ ၎င်းဘဏ်များသို့ တောင်းဆိုစာ ပေးပို့ထားကြောင်း သိရသည်။

    ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် လျာထားခံရသည့် မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ဒေသ၊ ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းဒေသနှင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သာရဘွင်ဒေသမှ ဒေသကိုယ်စားပြု ဒေသခံ သုံးဦးတို့က နိုဝင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် ၎င်းဘဏ်ရုံးချုပ်သို့ သွားရောက်ပေးပို့ခြင်း ဖြစ်သည်။

    JICA အနေဖြင့် နိုင်ငံတော်လျှပ်စစ်စွမ်းအင် အထူးအစီအစဉ် မူကြမ်းရေးဆွဲကြရာတွင် လာမည့် ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ၃၃ ရာနှုန်းသော စွမ်းအင်ထောက်ပံ့မှုသည် ကျောက်မီးသွေးမှ ရရှိနိုင်ကြောင်း အကြံပေးခဲ့ခြင်းသည် မြန်မာနိုင်ငံရှိ စီမံကိန်းအကောင်အထည်ဖော်မည့်ဒေသမှ လူထုများနှင့် အရပ်ဖက်အဖွဲ့အစည်းများအတွက် စိုးရိမ်ပူပန်မှုတစ်ခု ဖြစ်နေသည်။

    အံဒင်ဒေသ ကိုယ်စားပြု မိနီမာဦး က “ကျွန်မတို့ ဒေသခံတွေရဲ့ အသံကတော့ ဒီစီမံကိန်းကြီးကို လုံးဝ ကန့်ကွက်ပါတယ်။ ဒီကုမ္ပဏီ (တိုယိုထိုင်း) ကို ငွေးထုတ်ချေးပေးမယ့် ဘဏ်တွေနဲ့ တခြား ကုမ္ပဏီရှယ်ယာဝင်များ အနေနဲ့လည်း ဒေသခံတွေရဲ့ အသံကို နားထောင်သင့်ပါတယ်” ဟု JICA နှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် ပြောသည်။

    ၎င်းအပြင် ဂျပန်သို့ သွားရောက်အရေးဆိုသည့် အဖွဲ့သည် မြန်မာနိုင်ငံတွင် တည်ဆောက်ရန် လျာထားသည့် ကျောက်မီးသွေးစက်ရုံများအတွက် နည်းပညာနှင့် စက်ကိရိယာများကို ထုတ်လုပ်ပေးမည့် ကုမ္ပဏီများသို့လည်း အလားတူစာများ ပေးပို့ခဲ့ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့တွင်လည်း Hibiya Park ပန်းခြံအတွင်း လမ်းလျှောက်ဆန္ဒပြခဲ့သည်ဟု မိနီမာဦး က ပြောသည်။

    ထို့အတူ နိုဝင်ဘာလ ၂၇ ရက်နေ့တွင်ပင် ထိုဒေသ ၃ ခုမှ အခြားကိုယ်စားပြု ဒေသခံ ၃ ဦးတို့ကလည်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှတဆင့် အထက်ပါဂျပန်ဘဏ်များသို့ အလားတူ စာကို ပေးပို့ခဲ့ကြောင်း သိရသည်။

    JBIC နှင့် JICA တို့ထံ ပေးပို့သည့် စာတွင် “မည်သည့် ကျောက်မီးသွေးစက်ရုံကိုမဆို ဒေသခံ လူထုများနှင့် တွေ့ဆုံပြီးမှသာလျှင် အကောင်အထည်ဖော်သင့်ကြောင်း” တောင်းဆိုထားသည်။

    ၎င်းတောင်းဆိုစာသည် ဒေသခံ လူထုအပြင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ပြီး မြန်မာနိုင်ငံမှ အရပ်ဘက် လူမှုအဖွဲ့အစည်း ၇၂ ဖွဲ့မှ ထောက်ခံ အတည်ပြုထားသော စာတစ်စောင် ဖြစ်သည်ဟုလည်း ဒေသကိုယ်စားပြုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    လက်ရှိတွင် ပြည်ထောင်စုအစိုးရနှင့် နားလည်မှုစာချွန်လွှာ၊ လုပ်ငန်းဆောင်ရွက်ခွင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးထားကြသည့် ကုမ္ပဏီများက ဒေသခံလူထု၏ သဘောတူညီမှု ရယူခြင်း မရှိဘဲ စီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုးစားလျက် ရှိသည်ဟုလည်း ဒေသကိုယ်စားပြုများက ပြောသည်။

    “အကယ်၍ ဒေသခံ လူထု၏ သဘောတူညီမှု မပါဘဲ မည်သည့် စီမံကိန်းကိုမဆို ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့လျှင် သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သော၊ လူမှုရေးနှင့် ပတ်သက်သော ၎င်းတို့၏ ကိုယ်ပိုင် လမ်းညွှန်ချက်များကို ၎င်းတို့ ကိုယ်တိုင် ချိုးဖောက်ရာ ရောက်ပါသည်” ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

    လက်ရှိ မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် ပြည်ထောင်စုအစိုးရနှင့် MoU, MoA များ လက်မှတ်ရေးထိုးထားပြီး ဖြစ်သည့် စီမံကိန်း (၁၁) ခု ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks