spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းလွတ်လပ်သောမွန်အမျိုးသား ရွေးကောက်ပွဲအောင်နိုင်ရေး အကျိုးဆောင်အဖွဲ့ M23 ဖျက်သိမ်း

    လွတ်လပ်သောမွန်အမျိုးသား ရွေးကောက်ပွဲအောင်နိုင်ရေး အကျိုးဆောင်အဖွဲ့ M23 ဖျက်သိမ်း

    -

    M23 Statement(copy)
    M23 Statement(copy)
    အတိုင်းအတာတစ်ခုအထိ မွန်အမျိုးသားရေးတာဝန်တစ်ရပ်ကို ပြီးဆုံးအောင် ထမ်းဆောင်ခဲ့ပြီ ဖြစ်သည့်အတွက် မိမိတို့အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း လွတ်လပ်သောမွန်အမျိုးသား ရွေးကောက်ပွဲအောင်နိုင်ရေး အကျိုးဆောင်အဖွဲ့ (M23) က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်သည်။

    အဖွဲ့ဝင် ၂၃ ဦး ပါဝင်သည့် M23 အဖွဲ့သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မွန်အမျိုးသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ မဲအောင်နိုင်ရေးအတွက် ပံ့ပိုးအကျိုးဆောင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် စတင်စုစည်းကာ၊ လေးကြိမ် တိုင်ပင်ဆွေးနွေးပြီးနောက် မေလ ၁၉ ရက်နေ့တွင် ဖွဲ့စည်း၍ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်းထိ လှုပ်ရှားလာခဲ့သည်ဟု ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

    မွန်အမျိုးသား ကိုယ်စားပြု နိုင်ငံရေးပါတီ ၂ ခု ဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က အချင်းချင်းညှိနှိုင်းတိုင်ပင်မှု မရှိဘဲ ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ဒေသအသီးသီး၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားခြင်းသည်လည်း M23 ဖွဲ့စည်းရခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်သည်။

    ရွေးကောက်ပွဲတွင် မွန်အမျိုးသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ မဲအောင်နိုင်ရေးအတွက် မွန်ပါတီအချင်းချင်း ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ပါက ပိုမိုသင့်လျှော်မည်ဟု M23 က ပါတီခေါင်းဆောင်များအား မေတ္တာရပ်ခံခဲ့ကြသော်လည်း ပါတီများက မိမိတို့ မူဝါဒအတိုင်း မဲဆန္ဒနယ်တစ်ခုတည်းတွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

    ထိုအခြေအနေတွင် ရွေးကောက်ပွဲ၌ အကောင်းဆုံးရလဒ် ဖြစ်လာစေရန်အတွက် ၁၉၉၀ နှင့် ၂၀၁၀ ရွေးကောက်ပွဲ အရွေးချယ်ခံ ကိုယ်စားလှယ်များ၏ အကြံညာဏ်များ ရယူ၍လည်းကောင်း၊ ရွေ့လျားလှုပ်ဆော်စည်းရုံးရေး တေးဂီတယာဉ် အစီအစဉ်နှင့် ပူးပေါင်း၍လည်းကောင်း၊ ဆန္ဒမဲပေးနည်းသင်တန်း ဖွင့်လှစ်၍လည်းကောင်း၊ လူထုအမြင်ကို အခြေခံ၍ ကိုယ်စားလှယ်လောင်း စမ်းသပ်ရွေးချယ်ရာတွင် ကူညီခြင်းဖြင့်လည်းကောင်း လှုပ်ရှားဆောင်ရွက်ခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

    သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၄ ဦးသာ အနိုင်ရခဲ့ခြင်းသည် မွန်ပြည်သူများ အားရကျေနပ်လောက် ရလဒ်မဟုတ်ကြောင်း M23 က ပြောသည်။

    M23 ၏ ပြောခွင့်ရှိသူတစ်ဦး ဖြစ်သည့် နိုင်မင်းမင်းနွယ် က “မွန်ပါတီနှစ်ခု ဖြစ်နေလို့ မဲကွဲတာလည်း ရှိတယ်။ ဘယ်ပါတီကို မဲပေးရမှန်းမသိ ဇဝေဇဝါ ဖြစ်ပြီး မဲမပေးတာလဲ ရှိတယ်။ အဓိကက မွန်နှစ်ပါတီလုံးရဲ့ ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ကျွန်တော် ရဲရဲဝံ့ဝံ့ ပြောပါတယ်။ မွန်တွေ မဲရှုံးစေခဲ့တာနဲ့ ပတ်သက်ပြီး သူတို့တွေကို တာဝန်အပြည့်အဝ ယူစေချင်တယ်” ဟု ပြောသည်။

    ၎င်းအပြင် “ဒီလိုလုပ်ရင် ဒီလိုဖြစ်လာမယ်ဆိုတာ သူတို့ သိသိကြီးကြီးနဲ့ ဇွတ်တိုးပြီး လုပ်ခဲ့တဲ့အတွက် မွန်ကိုယ်စားပြု ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ မရောက်နိုင်တာ မကသေးဘူး၊ နိုင်ငံရေး ကျဆုံးမှုကိုလည်း ခံလိုက်ရတယ်။ အခုမွန်ပြည်သူတွေ၊ မွန်လူငယ်တွေ၊ မွန်အမျိုးသမီးတွေ မဲရှုံးတာ သိလိုက်ရတာနဲ့ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောနဲ့တဲ့အထိ မွန်အမျိုးသားနိုင်ငံရေး သိမ်ငယ်စိတ် ဝင်ခဲ့ရတယ်။ ဒါဟာ အနာဂတ် မွန်အမျိုးသား နိုင်ငံရေးအတွက် သိပ်အန္တရာယ်ကြီးတယ်” ဟုလည်း သူက ဆက်ပြောသည်။

    ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်း (၃၅) ဦးအနက် ဒေါက်တာအောင်နိုင်ဦး တစ်ဦးတည်းသာ ရွေးချယ်ခံရပြီး၊ မွန်အမျိုးသားပါတီမှ (၅၃) ဦးအနက် ဒေါက်တာမင်းစိုးလင်း၊ ဒေါက်တာမင်းကြည်ဝင်း၊ နိုင်သီဟနှင့် နိုင်ချစ်ဦး (၄) ဦး ရွေးချယ်ခံရသည်။ အမျိုးသမီးပါတီ (မွန်) မှ (၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ရာတွင်မူ တစ်ဦးမျှ အနိုင်မရခဲ့ပေ။

    ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်း (၃၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ရာတွင် (၁၆) ဦးအနိုင်ရခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ယခင်မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (အဆင့်ဆင့် အမည်ပြောင်းပြီး ယခု မွန်အမျိုးသားပါတီ) မှ (၁၉) ဦး ယှဉ်ပြိုင်ရာတွင် (၅) ဦး အနိုင်ရခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks