spot_img
Saturday, January 31, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းရေးမြို့နယ်တွင် မဲရုံလုံခြုံရေးအတွက် စိုးရိမ်စရာ မရှိဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ပြော

    ရေးမြို့နယ်တွင် မဲရုံလုံခြုံရေးအတွက် စိုးရိမ်စရာ မရှိဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ပြော

    -

    ရေးမြို့နယ်အထူးရဲ(IMNA)
    ရေးမြို့နယ်အထူးရဲ(IMNA)
    အာကာ – ရေးမြို့အတွင်းရှိ မဲရုံများအနက် ထက်ဝက်ခန့်မှာ အကြမ်းဖက်မှု ဖြစ်ပွားနိုင်သော မဲရုံများအဖြစ် သတ်မှတ်ခံထားရသော်လည်း လုံခြုံရေးဆိုင်ရာ စီမံချက်များ လုပ်ဆောင်ထားသည့်အတွက် စိုးရိမ်ဖွယ် မရှိ

    ကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများက ပြောသည်။

    ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော် က “လုံခြုံရေးကို အချိန်ကာလအားဖြင့် ၄ ခု ခွဲထားတယ်။ အကြိုကာလ၊ မဲဆွယ်စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲ ကျင်းပစဉ်ကာလ၊ ရွေးကောက်ပွဲလွန်ကာလဆိုပြီး ခွဲထားပြီးတော့ အသေးစိတ် စီမံချက် ဆွဲထားပြီးသား ဖြစ်ပါတယ်။ ယခင်ကာလတုန်းက လက်နက်ကိုင်အဖွဲ့တွေ လွှမ်းမိုးမှု ရှိခဲ့တဲ့နေရာမျိုးတွေအတွက် တပ်မတော်နဲ့ ချိတ်ဆက်ဆောင်ရွက်ထားပြီး ဖြစ်တယ်” ဟု ပြောသည်။

    နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ရေးမြို့နယ်အတွင်း (၁၁၀) ရုံ ရှိသည့်အနက် မဲရုံ (၅၀) မှာ ရုတ်တရက် အကြမ်းဖက်မှု ဖြစ်ပွားနိုင်သော မဲရုံစာရင်းတွင် ပါဝင်သည်ဟု စက်တင်ဘာလ ၃ ရက်နေ့က မော်လမြိုင်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ တွေ့ဆုံပွဲတွင် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်နယ်ရဲမှူးကြီး ဘိုဘိုဦး က ပြောကြားခဲ့သည်။

    ၎င်းနှင့် ပတ်သက်၍ ရဲမှူးမြင့်သော် က “ရုတ်တရက်တင်းမာမှု ဖြစ်လာရင် လုံခြုံရေးအရ ထိန်းဖို့ ခက်တဲ့နေရာတွေကို သတ်မှတ်ခဲ့ခြင်းပါ။ လမ်းပန်းဆက်သွယ်ရေးအရ ခက်ခဲတာ ရှိမယ်။ လက်နက်ကိုင် ပဋိပက္ခ လွှမ်းမိုးတဲ့နေရာကြောင့်လည်း ရှိနိုင်တယ်။ အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်တဲ့နေရာတွေလည်း ပါတယ်။ အဲဒါတွေအပေါ် မူတည်ပြီး သတ်မှတ်တာပါ” ဟု ပြောသည်။

    ရေးမြို့နယ်အတွင်း ရုတ်တရက် အကြမ်းဖက်မှု ဖြစ်ပွားနိုင်သည်ဟု သတ်မှတ်ခံရသည့် မဲရုံ (၅၀) မှာ ရန်ကုန် – ထားဝယ် မော်တော်ကားလမ်း အရှေ့ဘက်နှင့် ရေးမြို့နယ် တောင်ပိုင်းရှိ မဲရုံများ ဖြစ်ပြီး၊ ထိုဒေသည် လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်လှုပ်ရှားရာဒေသ ဖြစ်သည်။

    ရဲတပ်ဖွဲ့အနေနှင့် လုံခြုံရေးအတွက် မဲရုံနှင့် ကပ်လျက်နေရာကို ဗဟိုစည်း၊ မဲရုံနှင့် အနီးဆုံး ရဲကင်း/ ရဲစခန်း တည်နေရာကို အနီးစည်း၊ မဲရုံနယ်မြေ၏ ရပ်ကွက်/ကျေးရွာနယ်နိမိတ်ကို အတွင်းစည်း၊ စခန်းပိုင်နယ်မြေကို အပြင်စည်း၊ မြို့နယ်ရဲတပ်ဖွဲ့ပိုင် ဧရိယာကို အဝေးစည်းဟူ၍ စည်း ၅ စည်း သတ်မှတ်ကာ စီမံချက်ချထားသည်ဟု ရဲမှူးက ပြောသည်။

    ဗဟိုစည်းတွင် အထူးရဲ ၁ ဦး၊ မီးသတ် ၄ ဦး၊ ရပ်မိရပ်ဖ ၂ ဦးတို့ကလည်းကောင်း၊ အနီးစည်းတွင် ရဲအရာရှိမှ ဦးစီး၍လည်းကောင်း၊ အတွင်းစည်းကို ရဲကင်းမှူးနှင့် စခန်းတို့က လည်းကောင်း၊ အပြင်စည်းကို ရဲစခန်းမှ ကွပ်ကဲ၍လည်းကောင်း၊ အဝေးစည်းကို မြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ကြပ်မတ်၍လည်းကောင်း လုံခြုံရေးအတွက် ဆောင်ရွက်ထားသည်ဟုလည်း သူက ပြောသည်။

    လက်ရှိတွင် မဲရုံ (၁၁၀) ရုံ၏ အနီးစည်းကို တာဝန်ယူရမည့် အထူးရဲ (၁၁၀) ဦးအား ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ လုံခြုံရေးဆောင်ရွက်မှု အခြေအနေများစသည်တို့ကို အောက်တိုဘာလ ၂၀ ရက်နေ့မှ စတင်ကာ ဆယ်ရက်ကြာသင်တန်း ပို့ချလျက် ရှိသည်။

    ရွေးကောက်ပွဲအတွက် ရေးမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မွန်ဒေသလုံးဆိုင် ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီ ၅ ခုတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks