Homeသတင်းမွန်ပြည်နယ်တွင် မူပြကျောင်းအုပ်နှင့် ကျောင်းဆရာ ၉၀၀ ကျော်လစ်လပ်

မွန်ပြည်နယ်တွင် မူပြကျောင်းအုပ်နှင့် ကျောင်းဆရာ ၉၀၀ ကျော်လစ်လပ်

-

သထုံမြို့နယ်အတွင်းရှိ မူလတန်းကျောင်းဆောင်သစ်(MOI)
သထုံမြို့နယ်အတွင်းရှိ မူလတန်းကျောင်းဆောင်သစ်(MOI)
အာကာ – ယခုပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်းရှိ အစိုးရ မူလတန်းကျောင်းများ၌ မူလတန်းပြဆရာနှင့် ကျောင်းအုပ်နေရာ ၉၀၀ ကျော် လစ်လပ်လျက် ရှိသည်

ဟု မွန်ပြည်နယ် ပညာရေးဌာနရုံး ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင် က ပြောသည်။

မွန်ပြည်နယ်တွင် မူလတန်းကျောင်း ၁၂၄၀ ကျောင်း ရှိပြီး၊ ကျောင်းအုပ် ၁၂၀၄ ဦးနှင့် ဆရာ/ဆရာမ ၆၀၀၀ ကျော် ခန့်အပ်ထားသော်လည်း ကျောင်းအုပ် ၃၆ ဦးနှင့် ဆရာ ဆရာမ ၉၀၃ ဦး လိုအပ်လျက် ရှိသည်ဟု သူက ပြောသည်။

ဦးမျိုးတင့်အောင် က “မူလတန်းပြပဲ လိုအပ်ချက် ရှိတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းသေးတဲ့ ရေးမြို့နယ်နဲ့ ကျိုက်မရောမြို့နယ်မှာ လိုအပ်ချက်ပိုများတယ်” ဟု ပြောသည်။

ယခင်ပညာသင်နှစ်တွင် မွန်ပြည်နယ်၌ မူလတန်းပြ နေ့စားလပေး ဆရာ/ဆရာမ ၉၆၁ ဦး ခန့်အပ် တာဝန်ပေးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ခန့်အပ်နိုင်ခြင်း မရှိဘဲ လာမည့် ၂၀၁၆ – ၂၀၁ရ ပညာသင်နှစ်မှသာ ခန့်အပ်ပေးနိုင်မည် ဖြစ်ကြောင်း သူက ပြောသည်။

ဒီဇင်ဘာလတွင် မော်လမြိုင် ပညာရေးကောလိပ်မှ သင်တန်းဆင်းမည့် ဆရာ၊ ဆရာမများဖြင့် လစ်လပ်နေသည့် ကျောင်းများတွင် ဖြည့်ဆည်းပေးနိုင်ပါက ပြေလည်သွားနိုင်မည်ဟုလည်း သူက ပြောသည်။

လက်ရှိ မွန်ပြည်နယ်တွင် မူလတန်းကျောင်းအတွက် ကျောင်းအုပ်နှင့် ကျောင်းဆရာများသာ လိုအပ်ပြီး၊ အလယ်တန်းပြနှင့် အထက်တန်းပြအတွက် လုံလောက်မှု ရှိသည်ဟုလည်း ညွှန်ကြားရေးမှူးက ပြောသည်။

သို့ရာတွင် ရေးမြို့နယ်ရှိ အထက်တန်းကျောင်းခွဲမှ ဆရာမတစ်ဦးကမူ မိမိတို့ကျောင်း၌ အလယ်တန်းပြများ လိုအပ်လျက် ရှိပြီး အထက်တန်းပြများက အလယ်တန်းသို့ ဆင်းကာ သင်ကြားပေးနေရကြောင်း၊ မူလတန်းပြအတွက် ပညာရေးကောလိပ်မှ သင်တန်းဆင်း ဆရာ/ဆရာမများဖြင့် လစ်လပ်သည့်နေရာတွင် အစားထိုးလျှင်လည်း အလုံးစုံပြေလည်သွားနိုင်မည် မဟုတ်ကြောင်း ပြောသည်။

သူက “ဒီဇင်ဘာလောက်မှ လစ်လပ်တဲ့နေရာမှာ ဖြည့်မယ်ဆိုရင် တော်တော်လေး နောက်ကျသွားပြီ။ ဒီဇင်ဘာဆိုတာ ၂၀၁၅ – ၂၀၁၆ ပညာသင်နှစ် ကုန်တော့မယ်” ဟု ပြောသည်။

မွန်ပြည်နယ်တွင် အခြေခံပညာ အစိုးရ အထက်တန်းကျောင်း ၈၈ ကျောင်း၊ အလယ်တန်းကျောင်း ၁၀ရ ကျောင်းနှင့် မူလတန်းကျောင်း ၁၂၄၀ ကျောင်း ရှိပြီး၊ အစိုးရကျောင်း အပါအဝင် ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့တွင် ကျောင်းသူ ကျောင်းသား ၄ သိန်းဝန်းကျင် ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံး စာရင်းအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts