spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းNCA ကို မွန်ပြည်သစ်ပါတီလက်ခံသော်လည်း အောက်တိုဘာလတွင်လက်မှတ်ထိုးဖြစ်မည်မဟုတ်သေးဟုဆို

    NCA ကို မွန်ပြည်သစ်ပါတီလက်ခံသော်လည်း အောက်တိုဘာလတွင်လက်မှတ်ထိုးဖြစ်မည်မဟုတ်သေးဟုဆို

    -

    SD သဘာပတိ NMSP ဥက္ကဌ နိုင်ထောမွန် မိန့်ခွန်းပြောကြားစဉ်(Internet)
    SD သဘာပတိ NMSP ဥက္ကဌ နိုင်ထောမွန် မိန့်ခွန်းပြောကြားစဉ်(Internet)
    မင်းသုတ – မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်ခံသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်

    နိုင်ခြင်းမရှိသဖြင့် အစိုးရကမ်းလှမ်းထားသည့် အောက်တိုဘာလလယ်တွင် NCA လက်မှတ်ရေးထိုးဖြစ်မည်မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

    ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ စက်တင်ဘာ ၂၈ မှ ၃၀ ရက်များအတွင်း ကျင်းပခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့် ညှိနှုိင်းရေးကုုိယ်စားလှယ်အဖွဲ့ SD ထိပ်သီးညီလာခံတွင် မွန်ပြည်သစ်ပါတီအပါင်အဝင် SD ၁၀ ဖွဲ့က NCA လက်မှတ်မရေးထိုးနိုင်သေးဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

    နိုင်ဟံသာက “နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်ကို ကျနော်တို့လက်ခံပြီးသားပါ၊ အခုအဆင့်အထိရောက်အောင် အချိန်ယူပြီးကြိုးပမ်းလာကြတာပဲလေ၊ ဒါပေမယ့် အဖွဲ့အချို့ချန်ရစ်ထားပြီး တိုက်ပွဲတွေဆက်ဖြစ်နေတာကို မလိုချင်ဘူး” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အဆိုပါ ချန်ရစ်ထားမည့်အဖွဲ့များအတွက် အစိုးရအနေဖြင့် စစ်ရေး၊ နိုင်ငံရေး အာမခံချက်များပေးထားခြင်းမရှိသဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေသောကြောင့် တိုင်းပြည်တဝန်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်လိမ့်မည်မဟုတ်ဟု သူကဆက်ပြောသည်။

    မြန်မာအစိုးရအနေဖြင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA ကိုးကန့်တပ်ဖွဲ့၊ ရခိုင်အမျိုးသားကောင်စီ ANC၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် ‘၀’ အမျိုးသား အဖွဲ့ချုပ် WNO တို့ကို NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခြင်းမပြုဘဲ ချန်ရစ်ထားသည်ဟု သိရသည်။

    အဆိုပါ အစိုးရချန်ရစ်ထားသည့် အဖွဲ့ ၆ ဖွဲ့နှင့်အတူ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၁၀ ဖွဲ့က NCA လက်မှတ်မရေးထိုးသေးဟု ပြီးခဲ့သည့် SD ၁ရ ဖွဲ့ထိပ်သီးညီလာခံတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

    သို့ရာတွင် ကရင်အမျိုးသား အစည်းအရုံး KNU ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA၊ ချင်းအမျိုးသား တပ်ဦး CNF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ပအုုိဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO၊ ရခိုင်လွတ်မြောက်ရေးပါတီ ALPတို့ ရ ဖွဲ့တို့့ လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေကြောင်း အဆိုပါထိပ်သီးညီလာခံ၌ ဆုံးဖြတ်ခဲ့ကြသည်။

    SD ထိပ်သီးညီလာခံနောက်ဆုံးရက်နေ့တွင် အလှည့်ကျသဘာပတိ မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်က “လက်မှတ်ထိုးမယ့်အဖွဲ့ကလည်း ရရှိလာမယ့်အခွင့်အရေးကို လက်မလွတ််တမ်း အမိအရဆုပ်ကိုင်ချင်တယ်၊ ကျန်တဲ့့အဖွဲ့တွေကလည်း All Inclusive အားလုံးပါဝင်ရေးအခြေခံမူနဲ့ဆိုတော့ အချို့အဖွဲ့တွေကျန်တာ မဖြစ်သင့်ဘူး၊ အချိန်ယူရဦးမယ်ဆိုတဲ့အမြင်တွေ မတူကြတာဖြစ်တယ်” ဟု အခန်းအနားမိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့သည်။

    ထို့အပြင် နောက်ပိုင်း(NCA)လက်မှတ်ထိုးပြီးသည့်အဖွဲ့နှင့် မရေးထိုးသေးသည့်အဖွဲ့ဖြစ်ပေါ်လာသည့်အခါ ရည်မှန်းချက်မပျောက်ရေး၊ ဘဝမမေ့ရေး၊ အချင်းချင်းညှိနှုိင်းရေး၊ စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးစားသည့်နေရာတွင် လက်တွေ့ကျကျစဉ်းစားဖို့လိုအပ်ကြောင်း နုုိင်ထောမွန်က ဆက်ပြောသည်။

    မွန်ပြည်သစ်ပါတီဥက္ကဌအား ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ UPWC ဒုဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက သံဖြူဇရပ်မြို့လယ်ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာ ၂၆ ရက်နေ့တွင် လာရောက်တွေ့ဆုံစဉ် မွန်ပြည်သစ်ပါတီ NCA လက်မှတ်မရေးထိုးပါက နိုင်ငံရေးဆွေးနွေးပွဲ၌ လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ရှိမည်ဟု ပြောကြားခဲ့သည်ကို သတင်းဖေါ်ပြပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks