spot_img
Saturday, January 31, 2026
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်သေနတ်သံမတိတ်သေးတဲ့ အပစ်ရပ်စဲရေး စာချုပ်

    သေနတ်သံမတိတ်သေးတဲ့ အပစ်ရပ်စဲရေး စာချုပ်

    -

    ချစ်မင်းထွန်း – တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးဖို့ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်နေပြီး လက်မှတ်ရေးထိုးမယ့်ရက် သတ်မှတ်ဖို့ အချိန်နှီးကပ်လာလေလေ တိုင်းရင်းသားဒေသ အထူးသဖြင့် ရှမ်းနဲ့ကချင်ပြည်နယ် မြေပြင်အောက် ခြေအဆင့်များမှာတော့

    အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများက ရပ် တန့်ခြင်းမရှိဘဲ ပြင်းထန်နေဆဲပါ။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ဆွေးနွေးပွဲထက် အောက်ခြေအဆင့် မြေပြင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့ တောင်းဆိုလာခဲ့ကြတယ်၊ NCA ဆွေးနွေးပွဲ ရှိတိုင်း တိုက်ပွဲပိုမို ဖြစ်ပွားနေတဲ့အတွက် တချို့ဆို ဆွေးနွေးပွဲတွေ ပြုလုပ်မှာကိုပင် စိုးရိမ်ကြောက်ရွံ့လာကြပါတယ်။

    သို့သော် အစိုးရဘက်ကတော့ အစဖော်လာခဲ့ပြီး ဖြစ်သည့် အတွက် အဆုံးဖြတ်နိုင်ရေးအတွက်ပင် ပိုမို ကြိုး စား အားထုတ်လာခဲ့တာ တွေ့ရှိရပါတယ်၊ လက်ရှိအချိန်မှာတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို လာမယ့် အောက်တိုဘာ ပထမအပတ်ထဲတွင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ရန်ဖို့ အစိုးရဘက်က ကြေညာ လိုက်ပြီးဖြစ်တယ်။

    ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းက “လက်မှတ်ထိုးမယ့်သူက ရက်ခဏခဏ ရွေ့လို့ပြောတယ်၊ မထိုးချင်သေးတဲ့ အဖွဲ့က စောလွန်းတယ်လို့ ပြောတယ်၊ ကျွန်တော်တို့ အစိုးရအဖွဲ့က ကြားထဲက ဟိုလူပြောတာခံရ ဒီလူပြောတာခံရ၊ ဒါကြောင့် အခု အောက်တိုဘာ ပထမ အပတ်ထဲမှာ မဖြစ်မနေ လက်မှတ်ရေးထိုးပွဲလုပ်သွားတော့မယ် ထပ်မရွေ့တော့ဘူး” လို့ သူရဲ့အစီအစဉ်ကို ပြောပါတယ်။

    အစိုးရဘက်ကနေ ယခုလို NCA လက်မှတ်ရေးထိုးပွဲကို ရက်သတ်မှတ်လိုက်ပြီ ဖြစ်ပေမယ့်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား လက်မှတ်ရေးထိုးဖို့/မသွားဖို့ ဆုံးဖြတ်ရ ခက်နေရတဲ့အနေအထားပါ။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)မှ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက “အစိုးရဘက်က လက်မှတ်ထိုးမယ့် ရက်ကို သတ်မှတ်ထားပြီ။ဒါပေမဲ့ အားလုံးမပါဝင်ရင် မထိုးမယ့် အဖွဲ့တွေ ကလည်း ရှိနေတယ်၊ လက်ရှိမှာလည်း တိုက်ပွဲတွေက ဖြစ်နေတော့ တခြားအဖွဲ့တွေက ကျန်ခဲ့မယ့် အဖွဲ့တွေကို အစိုးရတပ်မတော်က ဖိတိုက်သွားမှာကို စိုးရိမ်နေကြတယ်၊ ဒါကြောင့် သူတို့ဘက်က စစ်ရေး၊နိုင်ငံရေးအာမခံ ချက်ပေးဖို့ လိုအပ်မယ်”ဟု အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ကွဲလွဲနေတဲ့အချက်တွေကို ရှင်းပြခဲ့ပါတယ်။

    အစိုးရဘက်ကနေ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးမယ့်ရက်ကို သတ်မှတ်ပြီး ဖြစ်တဲ့အပြင် ထပ်မံရွေ့ဆိုင်းသွားဖို့ အစီအစဉ်မရှိဘူးလို့လည်း ပြောဆိုထားပြီးဖြစ်တာမို့ လက်မှတ်ရေးထိုးပွဲကို သေချာပေါက် ပြုလုပ်တော့မှာပါ။

    လက်နက်ကိုင်အဖွဲ့များနဲ့ အစိုးရတပ်မတော်တို့ ကြားတိုက်ပွဲများ ဖြစ်ပွားနေဆဲပါ၊ ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်း၊ ခိုလမ်၊ မိုင်းပွန် ဒေသဘက်တွေမှာက ပဏာမအပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် အစိုးရတပ်မတော်တို့ သြဂုတ်လကနေ စတင်ကာ စက်တင်ဘာ ၁၆ ရက်နေ့အထိ တိုက်ပွဲကြီးငယ်ပေါင်း ၇ ကြိမ်အထိ ဖြစ်ပွားခဲ့တဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် အခြေအနေစောင့်ကြည့်နေရသေးတယ်လို့လည်း RCSS ကနေ ထုတ်ပြန်ကြေညာချက်ထွက်လာပါတယ်။

    အလားတူ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ဆန်စတဲ့ ဒေသဘက်မှာလည်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ အစိုးရတပ်မတော်တို့ ပြီးခဲ့တဲ့ ဇွန်လကနေ စက်တင်ဘာ ၁၇ ရက်နေ့အထိ တိုက်ပွဲမကြာခဏ ဖြစ်ပွားနေတယ်လို့လည်း PSLF/TNLA က ထုတ်ပြန်ခဲ့ပါတယ်။

    တချိန်တည်းဆိုသလို ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်နဲ့ ပူတာအို ဒေသများဘက်မှာလည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အစိုးရတပ်မတော်တို့ ပြီးခဲ့သည့် သြဂုတ်လ၊ စက်တင်ဘာလအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံတွေ စစ်ရှောင်ဒုက္ခသည်တွေဖြစ်သွားကြသလို ရွေးကောက်ပွဲအတွက် မဲပေးခွင့်တွေလည်း ဆုံးရှုံးရပါတယ်။

    ဆွမ်ပရာဘွမ်နဲ့ ပူတာအို ဒေသဘက်မှာ နယ်မြေ လုံခြုံမှုမရှိတဲ့အတွက် မဲပေးခွင့်ရှိသူများ စာရင်းကို ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွေ ကောက်ယူနိုင်ခြင်းမရှိခဲ့သလို ရွေးကောက်ပွဲ ကျင်းပပေးနိုင်ဖို့လည်း မသေချာဘူးလို့ ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောဆိုထားပါတယ်။
    တဖန် ကရင်ပြည်နယ်ဘက်မှာလည်း DKBA ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဗိုလ်မှူးကြီး စောကျော်သက်နဲ့ ဗျူဟာမှူး စောဆန်းအောင်တို့ရဲ့ တပ်များနဲ့ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် BGF အပါအဝင် အစိုးရတပ်မတော်တို့ ပူးပေါင်းတပ်များ တိုက်ပွဲများ ကျိုးကြား ကျိုးကြား ဖြစ်ပွားနေဆဲပါ။
    Nationwide Cease-fire Agreement (NCA) နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုဖို့ အစိုးရ ဘက်က တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ “ဝ” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်- မိုင်းလား တပ်ဖွဲ့ NDAA၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် DKBA၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA- PC၊ ရခိုင်လွတ်မြောက်ရေး ပါတီ ALP၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO၊ ချင်းအမျိုးသား တပ်ဦး CNF၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် NSCN-K တို့ကို ကမ်းလှမ်းထားပါတယ်။
    ကျန်ရှိသေးတဲ့ ကိုးကန့် MNDAA၊ ရခိုင်တပ်မတော် AA၊ တအာင်း(ပလောင်) TNLA၊ လားဟူဒီမိုကရက်တစ်ယူနီယံ LDU၊ ဝ အမျိုးသားအဖွဲ့ချုပ် WNO၊ ANC ရခိုင်အမျိုးသားကောင်စီတို့ဟာ NCA မှာ ပါဝင်လက်မှတ်ရေးထိုးနိုင်မယ့်အနေအထား မတွေ့ရှိရသေးပါ။
    မြန်မာငြိမ်းချမ်းရေးစင်တာ MPC က NCA လက်မှတ်ရေးထိုးရေး အကောင်အထည်ဖော် ညှိနှိ်ုင်းရေးဌာန ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက “NCA လက်မှတ်ရေးထိုးလိုက်တာနဲ့ အပစ်အခတ်ရပ်စဲသွားမှာမဟုတ်ဘူး၊ ဆက်ပြီးတော့ တိုက်ပွဲတွေဖြစ်နေ အုံးမှာ၊ ဒါပေမဲ့ NCA လက်မှတ်မထိုးရင် ဒါကို တားဆီးလို့မရဘူး ဘာကြောင့်လဲဆိုရင် JIMC ကို ခေါ်လို့မရလို့ဘဲ”လို့ ဆိုပြန်ပါတယ်။
    ဒေါက်တာမင်းဇော်ဦး ပြောဆိုချက်အရဆိုပါက NCA လက်မှတ်ရေးထိုးပြီးပါက ၂၄ နာရီအတွင်း နှစ်ဖက် တပ်မတော်များမှ တပ်မှူးများကို NCA လက်မှတ်ရေးထိုးပြီးကြောင်း အသိပေးခြင်း၊ NCA ပါ သဘောတူညီ ချက် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို အကြောင်းကြားခြင်း၊ ၁၄ ရက်အတွင်း အကောင် အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(JIMC)ကို ဖွဲ့စည်းခြင်း၊ ရက်ပေါင်း ၃၀ အတွင်း စစ်ဘက်ဆိုင်ရာ နှင့် နိုင်ငံရေး ဆိုင်ရာများကို ဆွေးနွေးမည်။နောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင်များ ရေးဆွဲခြင်း၊ရက်ပေါင်း ၉၀ အတွင်း နိုင်ငံ ရေး ဆွေးနွေးပွဲများ စတင်ခြင်း စတဲ့သဘောတူညီချက်တွေကို လုပ်ကိုင် ဆောင်ရွက်နိုင်မယ်ဆိုပါက လက်ရှိ ဖြစ်ပွားနေတဲ့ အောက်ခြေအဆင့် တိုက်ပွဲတွေကို ရပ်တန့်နိုင်မယ်လို့ ဆိုပါတယ်။

    သို့ပေမယ့် အဲဒီကာလအတောအတွင်း တိုက်ပွဲတွေ မဖြစ်ပွားနိုင်ဘူးလို့တော့ MPC က ဘယ်သူမှလည်း အာမခံပြောဆိုတာတွေ မကြားသိရပါဘူး၊ အဲဒါကြောင့် တနည်းအားဖြင့် ပြောရမယ်ဆိုရင် “သေနတ်သံမတိတ်တဲ့ အပစ်ရပ်စဲရေး” စာချုပ်ပြီးနောက် “သေနတ်သံမတိတ်တဲ့ အကောင်အထည်ဖော်မှု” ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပမယ်လို့ ပြန်ပြောင်း ခေါ်ဆိုရမယ့်အနေအထား ဖြစ်နေကြောင်းပါ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks