spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့တွင် တာဝေးခရီးကြမ်း စက်ဘီးပြိုင်ပွဲကျင်းပ

    သံဖြူဇရပ်မြို့တွင် တာဝေးခရီးကြမ်း စက်ဘီးပြိုင်ပွဲကျင်းပ

    -

    ခတ္တာနန်း – မွန်ပြည်နယ်အတွင်းရှိ စက်ဘီးအားကစားသမားများ ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ မွန်ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် မွန်ပြည်နယ် အား/ကာ တို့မှ ဦးစီးပြီး စက်တင်ဘာ ၁၃ ရက်နေ့က သံဖြူဇရပ်မြို့တွင် တာဝေးခရီးကြမ်း (၄၇ မိုင် – ၇၅ ကီလိုမီတာ) စက်ဘီးပြိုင်ပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။

    ယင်းတာဝေးခရီးကြမ်း စက်ဘီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှာ စက်ဘီးအားကစားသမား စုစုပေါင်း ၈၇ ဦး ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည်ကို တွေ့ရှိရသည်။

    သံဖြူဇရပ် စက်ဘီးအသင်းမှ အတွင်းရေးမှူး နိုင်အာလူးက “အဓိကကတော့ စက်ဘီးအားကစားသမားတွေ ပျော်ဖို့အတွက်ပါ၊ သံဖြူဇပ်မှာလည်း စက်ဘီးအသင်းက ရှိနေတယ်၊ ကျနော်တို့ အသင်းအဖွဲ့ဝင် ၇၀ လောက်ရှိတယ်၊ ဒီလိုပွဲက ဒီနှစ်မှ စလုပ်ဖြစ်တယ်၊ နောက်နှစ်တွေမှာလည်း ဆက်လုပ်သွားဖို့ကို စီစဉ်သွားမှာပါ” ဟု ပြောသည်။

    တာဝေးခရီးကြမ်းစက်ဘီးပြိုင်ပွဲ တာထွက် ဖွင့်ပွဲကို မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာ တိုးတိုးအောင်မှ သေနတ်ဖောက် ဖွင့်လှစ်ပေးခဲ့ပြီး သံဖြူဇရပ်မြို့မဈေးရှေ့မှ စက်ဘီးသမားများ တာစတင်ထွက်ခွာရာ သံဖြူဇရပ်-မော်လမြိုင် ကားလမ်းအတိုင်း ကလော့သော့ကျေးရွာအထိ၊ ထိုမှ တဖန်ပြန်လှည့်ရာ သံဖြူဇရပ်မြို့ကို ဖြတ်၍ သံဖြူဇရပ် ကျိုက္ခမီလမ်းပိုင်းရှိ ကရင်သောင်ရွာ၊ ထိုမှတဆင့် ကရင်သောင်ကျေးရွာ အနောက်ဘက်ရှိ တောလမ်းမှ အနန်းစမ်းကျေးရွာ ကိုဖြတ်၍ လှာကမိုင်လမ်းဝမှ တဆင့် စက်စဲ-သံဖြူဇရပ် လမ်းအတိုင်း သံဖြူဇရပ် မြို့မဈေးရှေ့၌ ပန်းဝင်ခြင်းဖြစ်သည်။

    ပထမဆုသူ ရန်ကုန်တိုင်းမှ ခင်မောင်ချို(အသက် ၅၁ နှစ်)က “ဒီပြိုင်ပွဲကို လုပ်တာက ကျနော်သူငယ်ချင်းတွေပဲ၊ နောက်ပြီး ဒီဒေသမှာ စက်ဘီးသမားတွေထွက်အောင် ကျနော်တို့ အရွယ်နဲ့ စီးပြတာ၊ ဒီဆုရလို့လည်း ကျနော်မပျော်ပါဘူး၊ ဘာလို့လည်းဆိုတော့ ကိုယ့်အရွယ်က ပျော်ရမဲ့ အရွယ်မဟုတ်တော့ဘူး၊ ဒီကလေးတွေ စီးနိုင်တယ်ဆိုတာကိုပြချင်လို့ စီးတာပါ” ဟု ပြောသည်။

    ယင်းသို့ စက်ဘီးစီးနိုင်ရန် လေ့ကျင့်မှုများပြုလုပ်ရကြောင်း မိမိအနေနဲ့ တစ်ပတ်လျှင် မိုင် ၁၀ဝ စီးကြောင်း၊ ယခု မိုင် ၄၀ ကျော်ခရီးသည့် လေ့ကျင့်ယူပါက မပြောပလောက်သည့် ခရီးဖြစ်ကြောင်း၊ သို့သော်လည်း ယခုလမ်းသည် ခက်ခဲကြမ်းတမ်းကြောင်း လေ့ကျင့်ထားသည့် လမ်းနှင့်မတူသည့်အတွက် အခက်အခဲရှိကြောင်း ခင်မောင်ချိုက ဆက်ပြောသည်။

    သံဖြူဇရပ်မြို့မှ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုသိန်းဦးက “ကျနော် ၃ ကြိမ်လောက်ဝင်ပြိုင်ဘူးတယ်၊ ဒီပွဲက နည်းနည်းခက်ခဲတယ် နောက်ပြီး ဒီပွဲမှာ ကျွမ်းကျင်တဲ့လူတွေ ပါတာများတယ်၊ ကျနော်တို ဝင်ပြိုင်ခဲ့တဲ့ ၃ ပွဲလုံးမှာတော့ ဒသမ တစ်ခါရတယ်၊ ဆဋ္ဌမ တစ်ခါရဖူးတယ် အခု အဋ္ဌမှဆုရတယ်” ဟု ပြောသည်။

    ယခုပွဲ ဝင်မပြိုင်မှီကာလတွင် လေ့ကျင့်မှုများလုပ်ရသကဲသို့ မိမိကိုယ်ကိုယ် အားအင်ပြည့်ဝစေရန်လည်း ဖြည့်တင်းထားရကြောင်း၊ စက်ဘီးအားကစားပြိုင်ပွဲသည် တစ်ခြားအားကစားနဲ့မတူသဖြင့် အလွန်ကြိုးစားရသည်ဟု ဆက်ပြောသည်။

    တာဝေးခရီးကြမ်း စက်ဘီးပြိုင်ပွဲတွင် ပထမဆု ခင်မောင်ချို (ရန်ကုန်)၊ ဒုတိယဆု ချမ်းမြေ့နောင် (သံဖြူဇရပ်)၊ တတိယဆု ကျော်ထက်အောင် (ရန်ကုန်)၊ စတုထ္ထဆု စောစန်းအေး (သံဖြူဇရပ်) နှင့် ပဉ္စမ ဆုကို လင်းပြည့်ဖြိုး (ထားဝယ်) တို့မှာ ရရှိသွားကြပြီး စုစုပေါင်း ဆု ၁၀ ဆုကို ချီးမြှင့်ခဲ့သည်။

    အလားတူ လွန်ခဲ့သည့် သြဂုတ်လဆန်းပိုင်းတွင်လည်း မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စက်ဘီးပြိုင်ပွဲတစ်ခု ကျင်းပခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks