Friday, March 13, 2026
More
    spot_img
    Homeသတင်းပထမအကြိမ်လွှတ်တော်သက်တမ်းတွင် မွန်တိုင်းရင်းသားအခွင့်အရေးနည်းပါး

    ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် မွန်တိုင်းရင်းသားအခွင့်အရေးနည်းပါး

    -

    ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦး(မွန်ပြည်နယ်လွှတ်တော်ဝဘ်ဆိုက်)
    ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦး(မွန်ပြည်နယ်လွှတ်တော်ဝဘ်ဆိုက်)
    မွန်ထော – ပထမအကြိမ် လွှတ်တော်သက်တမ်း (၅) နှစ်တာကာလတွင် မွန်တိုင်းရင်းသားအခွင့်အရေး မှျော်မှန်ထားသလောက် မရရှိသေးကြောင်း မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက သြ

    ဂုတ်လ ၃၀ ရက်နေ့ ကောင်းမြတ်ဟိုတယ်တွင် သတင်းသမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

    လွှတ်တော်တွင် တောင်းဆိုထားသည့် အချက်များထဲမှ အဓိကအချက်ဖြစ်သည့် အစိုးရစာသင်ကျောင်းများ ကျောင်းချိန်အတွင်း မွန်တိုင်းရင်းသားစာပေသင်ကြားခွင့်ရရှိရေးနှင့် မွန်အမျိုးသားနေ့ကို မွန်လူမျိုးအများစု နေထိုင်သည့် ဒေသများတွင် တရားဝင်ရုံးပိတ်ရက် သတ်မှတ်ပေးရေးကိစ္စများ အပြည့်အဝခံစားခွင့် မရသေးကြောင်း သိရသည်။

    “တိုင်းရင်းသားစာပေသင်ကြားခွင့်၊ မွန်အခင်းအကျင်းဖြစ်တဲ့ မွန်တွေနဲ့သက်ဆိုင်တဲ့ မွန်အမျိုးသားနေ့ ပွဲတွေမှာ အရင်တုန်း အကန့်သတ်ကြားမှာ လုပ်ရတာပေါ့နော်၊ အခုတော့ အဲတာတွေအောင်မြင်မှုရတယ်၊ ဒါပေမဲ့ ရာနှုန်းနဲ့တွက်မယ်ဆိုရင် ၅၀ ရာနှုန်းလောက်ပဲ အောင်မြင်မှုရသေးတယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

    မွန်လူမျိုးတို့၏ အလေးမြတ်ထားသည့် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ မွန်အမျိုးသားနေ့ကို ‘တရားဝင်ရုံး ပိတ်ရက်အဖြစ်’ သတ်မှတ်ပေးရန် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအ ဝေးတွင် တောင်းဆိုခဲ့ရာ လွှတ်တော်က ‘မှတ်တမ်း’ အဖြစ်သာထားရှိပြီး အကယ်၍ မွန်လူမျိုး အစိုးရဝန်ထမ်းဖြစ်ပါက ပိတ်ရက်အဖြစ်မဟုတ်ဘဲ ခွင့်ယူပြီး သွားခွင့်ရှိကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

    ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁ အပုဒ် ၂၂ (က) တွင် နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်မည်ဟု ပြဌာန်းထားခြင်းမဟုတ်ဘဲ ကူညီဆောင်ရွက်မည်ဟုသာ ပြဌာန်းထားသဖြင့် ယင်းဖွံ့ဖြိုးရေးကိစ္စများကို အကောင်အထည်ဖော်ရန် အားနည်းနေသည်ဟု ဒေါက်တာ အောင်နိုင်ဦးက သုံးသပ်သည်။

    ရေးမြို့ မွန်လူငယ်ခေါင်းဆောင် မိအိန္နဒီချိုင်း က “အရင်တုန်းက မွန်တော်လှန်ရေးနေ့ဆိုရင် အကြောက်တရားနဲ့ သွားနေရတယ်၊ အခု (၂၀၁၀) နောက်ပိုင်းတော့ ဥပဒေ ဘောင်အတွင်းက လုပ်ခွင့်မရရင်တောင် လွတ်လွတ်လပ်လပ် သွားလို့ရတဲ့သဘောမှာရှိနေတယ်” ဟု ဆိုသည်။

    သို့သော် မွန်လူမျိုးများအတွက် ထူးခြားသည့် အခွင့်ရေး မရရှိသေးသော်လည်း မွန်အများစုနေထိုင်သည့် ဒေသတချို့ရှိ အစိုးရစာသင်ကျောင်းများတွင် ကျောင်းချိန်ပြင်ပ မွန်စာပေသင်ကြားခွင့် ရရှိမှုအနည်းအကျဉ်းရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်ရှိ ဒေသတချို့တွင်မူ မွန်ပညာရေးကျောင်းအတွက် အကူအညီများ ပိုမိုရရှိလာကြောင်း ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာ၊ မွန်အမျိုးသားကျောင်းအုပ် နိုင်ထောနိုင်အိန်က ပြောသည်။

    နိုင်ထောနိုင်အိန် က “ကျွန်တော်တို့ မွန်အမျိုးသားကျောင်းကို အရင်အစိုးရလက်ထက်ဆိုရင် ကျောင်းပစ္စည်းတွေ ထောက်ပ့ံမှုမရှိသလို တန်းတူခွင့်ရှိတယ်လို့လည်း မမြင်မိဘူး။ အခုမှ မွန်အမျိုးသားကျောင်း ကနေ အစိုးရစာသင်းကျောင်းကို ပြောင်းရွေ့သင်ကြားရာမှာ အများကြီးအဆင်ပြေလာတာရှိတယ်။ ဒီသြဂုတ် (၂) ရက်နေ့ကဆိုရင် ပြည်ထောင်စုလွှတ်တော် ဘက်ဂျက်ဆိုပြီးတော့ ကျောင်းပြင်ဆင်ဖို့အတွက် ငွေကျပ်သိန်း (၃၀) ပေးတာလည်းရှိသည်” ဟု ဆိုသည်။

    အဆိုပါ ရေးမြို့နယ်ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုလွှတ်တော်ထောက်ပံ့ငွေ ဘက်ဂျက် ကျပ်သိန်းတစ်ထောင်မှ မွန်အမျိုးသားပညာရေးကျောင်း (၇) ကျောင်းအတွက် ပြုပြင်ရန် သိန်း (၁၇၀) ကျပ် ကိုလည်း ထောက်ပံ့ခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks