ရပ်တန့်ပေးရန်အတွက် ဒေသခံ ဌာနေတိုင်းရင်းသားများက သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ထံသို့ သွားရောက်တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။
သွားရောက်တင်ပြရာတွင် ပါဝင်သည့် မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတစ်ခု လုပ်တော့မယ်ဆိုရင် အချက်အလက်တွေ တိုင်းတာတွက်ချက်ပြီး ခွင့်ပြုသင့်၊ မသင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ ဆုံးဖြတ်ချက် ချပေးရတယ်။ ကော်မရှင်အနေနဲ့ စဉ်းစားချင့်ချိန်ပြီး ဆုံးဖြတ်ချက် ပေးနိုင်ဖို့အတွက် လူကိုယ်တိုင် သွားပြီး၊ စာနဲ့ တင်ပြရတာ ဖြစ်တယ်” ဟု ပြောသည်။
ထိုသို့သွားရောက်တင်ပြရာ၌ အံဒင် ကျောက်မီးသွေး လှျပ်စစ်စက်ရုံစီမံကိန်းသည် ဌာနေတိုင်းရင်းသား မွန်လူမျိုးများ၏ ယဉ်ကျေးမှုနှင့် သဘာဝအရင်းအမြစ်များအား ထိခိုက်လာနိုင်ကြောင်း စသည်တို့ကို စာဖြင့်သော်လည်းကောင်း၊ ဗီဒီယိုဖိုင်ဖြင့်သော်လည်းကောင်း သေချာစွာ ရှင်းလင်းခဲ့ကြောင်း၊ ကော်မရှင်အနေနှင့် စဉ်းစားချင့်ချိန်၍ စီမံကိန်းကို ထောက်ခံပေးရန် မသင့်တော်ကြောင်း တင်ပြခဲ့သည်ဟု သူက ဆက်ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် တိုင်းရင်းသားဒေသရှိ စာပေယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးစေသည့် လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် လူကို ထိခိုက်စေသည့် လုပ်ငန်းများနှင့် သဘာဝဂေဟစနစ် ပျက်စီးစေသည့် လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံခွင့် မပြုသည့် ပြဌာန်းချက်များ ပါရှိကြောင်းလည်း သူက ရှင်းပြသည်။
အခြား ပါဝင်သူတစ်ဦး ဖြစ်သည့် အရှင်ဝိသာရဒ ကလည်း “ဦးဇင်းတို့ ဒေသခံတွေဖက်က အစကတည်းက တိုယိုထိုင်းကုမ္ပဏီကို စီမံကိန်းကန့်ကွက်စာ တရားဝင် ပေးပို့ခဲ့ပြီးပြီ။ နိုင်ငံတော် သမ္မတကြီးဆီကိုလည်း စီမံကိန်း ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံစာ ပေးပို့ပြီးပြီ။ မွန်ပြည်နယ် အစိုးရအဖွဲ့ကိုလည်း ကိုယ်တိုင်သွားပြီး တင်ပြထားပြီးပြီ။ ဒီအပေါ်မှာ အစိုးရဖက်က ဘာမှတုံ့ပြန်မှု မရှိ၊ ထူးခြားမှု မရှိလို့ အခုလို MIC ကို စာတင်ရခြင်း ဖြစ်ပါတယ်” ဟု မိန့်သည်။
၂၀၁၄ ခု နှစ်ဦးပိုင်းတွင် ရေးမြို့နယ်၊ အံဒင်ကျေးရွာအနီးတွင် ကျောက်မီးသွေးသုံး လှျပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် တိုယိုထိုင်းကုမ္ပဏီနှင့် ပြည်ထောင်စုအစိုးရတို့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ပြီး၊ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့က အံဒင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြည်နယ်ဝန်ကြီးအချို့၊ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် တိုယိုထိုင်းကုမ္ပဏီမှ တာရန်ရှိသူများ ပါဝင်သည့် စီမံကိန်းအကြောင်း လူထုအား ရှင်းလင်းပွဲတွင် ဒေသခံများက စီမံကိန်းကို လက်မခံကြောင်း ပြောကြားခဲ့သည်။
ထို့အတူ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့က ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စီမံကိန်းကို ကန့်ကွက်ကြောင်း လူအင်အား ၅၀၀ ဝန်းကျင်ဖြင့် ဆန္ဒပြခဲ့ကြပြီး၊ ဒေသခံများကလည်း ပြီးခဲ့သည့် ဇန်နဝါရီလတွင် စီမံကိန်း ကန့်ကွက်စာကို တိုယိုထိုင်းကုမ္ပဏီသို့ တရားဝင်ပေးပို့ခဲ့သည်။
ဒေသခံများ ကန့်ကွက်နေသည့်ကြားတွင်ပင် တိုယိုထိုင်းကုမ္ပဏီက စီမံကိန်း အကောင်အထည်ဖော်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ပြည်ထောင်စုအစိုးရနှင့် သဘောတူညီမှုစာချွန်လွှာ (MoA) လက်မှတ်ရေးထိုးခဲ့သည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဒေသခံများက ကုမ္ပဏီ၏ လုပ်ဆောင်ချက်သည် ဒေသခံ ဌာနေတိုင်းရင်းသားတို့၏ ရေရှည်တည်တံ့သည့် သက်မွေးဝမ်းကြောင်း၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု မရှိစေရေး စသည်တို့အတွက် အာမခံနိုင်မှု မရှိ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိ၊ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းကို လေးစားလိုက်နာမှု မရှိသည့်အတွက် စီမံကိန်းကို ရပ်တန့်ပေးပါရန် ဧပြီလ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပြီး၊ မေလ ၄ ရက်နေ့တွင်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် သွားရောက်တွေ့ဆုံကာ တင်ပြခဲ့ကြသည်။
MoA ရေးထိုးခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီနှင့် အစိုးရ၏ လုပ်ဆောင်ချက်များကို ကန့်ကွက်သည့်အနေနှင့် မေလ ၅ ရက်နေ့တွင် ဒေသခံ ၆၀၀၀ ကျော်က အံဒင်ကျေးရွာ ဘောလုံးကွင်းတွင် ဆန္ဒဖော်ထုတ်ပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး၊ စီမံကိန်း ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။
တိုယိုထိုင်း ကုမ္ပဏီအနေနှင့် စီမံကိန်း အကောင်အထည်ဖော်ရန် မြေနေရာ အခက်အခဲရှိနေသည်ဟု သိရှိရပြီး ပြည်တွင်းကုမ္ပဏီတစ်ခု ဖြစ်သည့် ဝင်းရောင်ခြည်ဦး ကုမ္ပဏီနှင့် ပူးပေါင်းကာ မြေများကို တိတ်တဆိတ် ဝယ်ယူနေခြင်းနှင့် စမ်းသပ်တိုင်းတာခြင်းလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်လျက် ရှိသည်ဟု ဒေသခံများက ပြောသည်။