spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းဓါးပြနှိမ်နင်းရေးပြည်သူ့စစ်အဖွဲ့ကို ဓါးပြလာရောက်ပစ်ခတ်၊ နှစ်ဦးဒဏ်ရာရရှိ

    ဓါးပြနှိမ်နင်းရေးပြည်သူ့စစ်အဖွဲ့ကို ဓါးပြလာရောက်ပစ်ခတ်၊ နှစ်ဦးဒဏ်ရာရရှိ

    -

    ရေးတောင်ပိုင်းဒေသ မြေပုံ(Google Map)
    ရေးတောင်ပိုင်းဒေသ မြေပုံ(Google Map)
    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ ရေးမြို့နယ် တောင်ပိုင်းတွင်လှုပ်ရှားနေသည့် ဓါးပြများလာရောက်ပစ်ခတ်သဖြင့် ဓါးပြနှိမ်နင်းရေးပြည်သူ့စစ်အဖွဲ့ဝင်နှစ်

    ဦး သေနတ်ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

    ရေးမြို့နယ် တောင်ပိုင်း၊ ဓနိသကြားကျေးရွာအနီး၌ သြဂုတ်လ ၂၅ ရက်နေ့၊ နံနက်စောစောပိုင်းတွင် နိုင်မွန်ချမ်း ဦးဆောင်သည့် ဆက်ကြေးကောက်ပြန်ပေးအဖွဲ့က နိုင်ဗင်းနှင့် နိုင်လင်းဦး ဦးဆောင်သည့် ဓားပြနှိမ်နင်းရေးပြည်သူ့စစ်အဖွဲ့ကို ဝင်ရောက်ပစ်ခတ်ရာ မိနစ်အနည်းငယ်ကြာခန့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဓါးပြနှိမ်နင်းရေးအဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    သူက “သန်းခေါင်ကျော်အချိန်မှာ ဟိုဘက်က ဝင်ပစ်တာ၊ ဒီဘက်က အငိုက်မိပြီး အလစ်ခံလိုက်ရတဲ့သဘော ရှိတယ်။ နှစ်ယောက်ထိတာ တစ်ယောက်က စိုးရိမ်ရတယ်” ဟု ပြောသည်။

    ဒဏ်ရာရသူနှစ်ဦးအနက် “အဒွတ်”ဆိုသူမှာ နံရိုးကြားကျည်ဆံဖောက်ဝင်ကာ ကျောက်ဘက်သို့ ပေါက်ထွက်သည့်ဒဏ်ရာကြောင့် စိုးရိမ်ရသည့် အနေအထားတွင်ရှိပြီး “အကာရော့” ဆိုသူမှာ ဝဲဘက်လက်မောင်းသေနတ်ထိမှန်ဒဏ်ရာ ရရှိထားကြောင်း ရေးမြို့အခြေစိုက် တပ်မတော်အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

    အဆိုပါ ဒဏ်ရာရသူနှစ်ဦးကို ရေးမြို့အခြေစိုက် စကခ (၁၉) ရှိ တပ်တွင်း ဆေးရုံမှတဆင့် မော်လမြိုင်မြို့သို့ ဆက်လက်ပို့ဆောင်ထားကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

    သူက “တစ်ယောက်က ဒဏ်ရာပြင်းထန်လို့ ရတခ အရှေ့တောင်တိုင်းဆေးရုံမှာ ဆေးကုသဖို့အတွက် မော်လမြိုင်ကို ပို့လိုက်ပြီ” ဟု ပြောသည်။

    လက်ရှိဓားပြနှိမ်နင်းရေးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် နိုင်ဗင်းသည် ယခင်က ရေးမြို့နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မြောက်ပိုင်းတွင် ဆက်ကြေးကောက်ပြန်ပေးဆွဲခေါင်းဆောင်အဖြစ် ကျော်ကြားသူတစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ခေါဇာမြို့အခြေစိုက် ခလရ (၃၁) တပ်ရင်းသို့ လက်နက်ချအလင်းဝင်ခဲ့သူ ဖြစ်သည်။

    ထိုနောက် တပ်မတော်၏အစီအစဉ်ဖြင့် လက်ကျန် ပြန်ပေးဓါးပြများနှိမ်နင်းရန် “မကျီးရွာ” တဝိုက်တွင် ပြည်သူ့စစ်အသွင် အခြေချလှုပ်ရှားလျက် ရှိသည်။

    လက်ရှိ ပြန်ပေးဓါးပြခေါင်းဆောင် နိုင်မွန်ချမ်းသည်လည်း ၂၀၁၄ ခုနှစ်တွင် နိုင်ဗင်းပြည်သူ့စစ်အဖွဲ့၏ ဒုခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဘူးသည်။

    ၁၉၉၅ ခုနှစ် နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့၏ အပစ်ရပ်စဲရေးသဘောတူညီချက်အရ ရေး-ထားဝယ်မော်တော်ကားလမ်းအနောက်ဘက်ခြမ်းရှိ ရေးတောင်ပိုင်းနှင့် ရေဖြူမြို့နယ်ဒေသများတွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ ဝင်ရောက်လှုပ်ရှားခွင့်မရှိတော့ပေ။

    ထိုနောက် ဒေသတွင်း ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်သည့် လက်နက်ကိုင်ဓါးပြအဖွဲ့ငယ်များ ပေါ်ပေါက်ခဲ့ရာ အချင်းချင်းပစ်ခတ်သတ်ဖြတ်ခြင်း၊ လက်နက်ချအလင်းဝင်ခြင်း၊ ဓါးပြအဖွဲ့သို့ ပြန်လည်ဝင်ရောက်ခြင်းတို့ဖြင့် ဆယ်စုနှစ် နှစ်ခုခန့်ရှိခဲ့ပြီဖြစ်ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

    ၎င်းပြန်ပေးဓါးပြအဖွဲ့များအနက် ခေါင်းဆောင်တစ်ဦးဖြစ်သူ နိုင်ချမ်းဒိန်း ဆိုသူကို ပြီးခဲ့့သည့် ဇူလိုင်လအတွင်း တောတွင်းတစ်နေရာ၌ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဖမ်းဆီးရမိပြီး ထွက်ပြေးရာမှပစ်ခတ်သေဆုံးခဲ့ကြောင်း ယခင်သတင်းများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks