spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရေးမြို့အဝေးပြေး မော်တော်ကားဝင်း တင်ဒါခေါ်နေ

    ရေးမြို့အဝေးပြေး မော်တော်ကားဝင်း တင်ဒါခေါ်နေ

    -

    Caption- ရေးမြို့ အဝေးပြေးမော်တော်ကားဝင်း(AK)
    Caption- ရေးမြို့ အဝေးပြေးမော်တော်ကားဝင်း(AK)

    မွန်ပြည်နယ်၊ ရေးမြို့ အဝေးပြေးကားဝင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် တည်ဆောက်လိုသည့် ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါ ခေါ်ယူလျက် ရှိသည်ဟု ရေးမြို့နယ် စည်ပင်သာယာအဖွဲ့ရုံးမှ သိရသည်။

    အဏ္ဏဝါရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်း ယင်းအဝေးပြေးကားဝင်း စီမံကိန်းကို မြို့နယ်စည်ပင် ကော်မတီ၏ ကြီးကြပ်မှုဖြင့် အကောင်အထည် ဖော်မည် ဖြစ်ပြီး၊ လျှောက်လွှာပုံစံများကို သြဂုတ်လ ၁၇ ရက်နေ့မှ ၃၁ ရက်နေ့ထိ အဖွဲ့ပိုင်ရုံးတွင် ဝယ်ယူနိုင်သည်ဟု ဖိတ်ခေါ်ချက်အရ သိရသည်။

    ရေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးသိန်းသန်းစိုး က “အခန်းဈေးတွေ ဖြတ်လို့ရအောင် တင်ဒါအရင်ခေါ်လိုက်တာ၊ တင်ဒါခေါ်ပြီးမှ အခန်းပိုင်ရှင်တွေနဲ့ ဈေးနှုန်းပြန်ညှိမယ်၊ သင့်တော်တဲ့ ကုမ္ပဏီတွေကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

    အဝေးပြေးကားဝင်း အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်၍ ယခင်နှစ်တွင် မြို့နယ်စည်ပင်က ကားဝင်းအတွင်းရှိ အခန်းပိုင်ရှင်များ၊ ကားအသင်းပိုင်ရှင်များနှင့် အကြိမ်ကြိမ်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း သတ်မှတ်အခန်းဈေးနှုန်း ကြီးမြင့်ခြင်းနှင့် ကားဝင်း ကျဉ်းကျပ်သည့် အနေအထားများကို ယာဉ်ပိုင်ရှင်များက တင်ပြလာခြင်းတို့ကြောင့် သဘောတူမှု မရရှိခဲ့ကြောင်း အမှုဆောင် အရာရှိက ပြောသည်။

    ကားဝင်းအတွင်းရှိ ဈေးခန်းပိုင်ရှင်တစ်ဦးက “လက်ရှိ စီးပွားရေး အခြေအနေနဲ့ဆို သူတို့ ချပေးမယ့် အခန်းဈေးနှုန်းနဲ့ ဝယ်နိုင်ဖို့ ချင့်ချိန်ရဦးမယ်။ ဖြစ်နိုင်ရင် လစဉ်အရစ်ကျ ပေးသွင်းတဲ့ပုံစံက ပိုပြီးအဆင်ပြေမယ်။ လက်ရှိမြေနေရာ အကျယ်အဝန်းနဲ့ ကားကြီးတွေ အဆင်ပြေအောင် သွားလာနိုင်ဖို့လည်း သေသေချာချာ စီမံခန့်ခွဲဖို့ လိုတယ်” ဟု ပြောသည်။

    တင်ဒါတင်သွင်းမည့် ကုမ္ပဏီသည် ကုမ္ပဏီပရိုဖိုင်၊ လုပ်ငန်းတစ်ခုလုံး၏ အဆိုပြုပုံစံ၊ အသေးစိတ်ဒီဇိုင်းပုံစံ၊ လုပ်ငန်းတစ်ခုလုံး၏ ကုန်ကျစရိတ်နှင့် လုပ်ငန်းအချိန်ဇယား စသည်တို့ကို တင်ပြရမည် ဖြစ်ပြီး ကော်မတီက သတ်မှတ်ထားသည့် Layout Plan အတိုင်း ဆောင်ရွက်ရမည် ဖြစ်သည်။

    ၎င်းအပြင် အိတ်ဖွင့်တင်ဒါ တင်သွင်းမည့် ကုမ္ပဏီအနေနှင့် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းအာမခံ တင်သွင်းရမည် ဖြစ်ပြီး၊ တင်ဒါအောင်သည့် ကုမ္ပဏီအနေနှင့် လုပ်ငန်းတစ်ရပ်လုံး၏ ကုန်ကျစရိတ် (ရင်းနှီးမြှုပ်နှံမှုတန်ဖိုး) ပေးချေခြင်းနှင့် ပတ်သက်၍ ကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်သွားရမည်ဟုလည်း တင်ဒါစိစစ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် လျှောက်လွှာပုံစံအရ သိရသည်။

    ဧရိယာ ၄.၃ ဧကခန့် ကျယ်ဝန်းသည့် ထိုအဝေးပြေးကားဝင်းကို ၁၉၉၇ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး၊ ရေးမြို့နယ်အတွင်း ခရီးသည်တင်ယာဉ်လိုင်း ၁၀ လိုင်းနှင့် ကုန်တင်ကုန်ချယာဉ်များ စုစုပေါင်း အစီး ၂၀ ကျော် ဝင်ထွက်ရပ်နားလျက် ရှိသည်။

    ရေးမြို့ အဝေးပြေး ကားဝင်းသည် ရန်ကုန် – မြိတ် အဝေးပြေးလမ်းမပေါ်တွင် တည်ရှိပြီး၊ တနင်္သာရီတိုင်းမှ ရန်ကုန်သို့ ပြေးဆွဲသည့် အဝေးပြေး ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များအတွက် ခရီးတစ်ထောက် နားခိုရာလည်း ဖြစ်သည်။

    လက်ရှိကားဝင်းနေရာသည် ကျဉ်းမြောင်းပြီး၊ စာသင်ကျောင်းနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိခြင်းကြောင့် အဆင့်မြှင့်တင်ခြင်းထက် အခြားကျယ်ဝန်းပြီး သင့်တော်သည့်နေရာတွင် ဆောက်လုပ်ပေးစေလိုသည်ဟု ကုန်ကားပိုင်ရှင်များက ပြောသည်။

    တင်ဒါတင်သွင်းမည့် ရက်ကို စက်တင်ဘာလ ၇ ရက်နေ့မှ ၁၄ ရက်နေ့ထိ သတ်မှတ်ထားပြီး၊ ရွေးချယ်ခံရသည့် ကုမ္ပဏီကို စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းအတွင်း ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks