Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန် ၂ ပါတီကိုသာ မဲပေးကြဖို့ မွန်ပြည်သစ်ပါတီတိုက်တွန်း

    မွန် ၂ ပါတီကိုသာ မဲပေးကြဖို့ မွန်ပြည်သစ်ပါတီတိုက်တွန်း

    -

    မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အေးမွန်(IMNA)
    မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အေးမွန်(IMNA)
    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားများအနေဖြင့် မွန်ပါတီများကိုသာ မဲပေးကြဖို့ မွန်ပြည်သစ်ပါတီက

    တိုက်တွန်းလိုက်သည်။

    မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အေးမွန်က “ကျနော်တို့ မွန်တိုင်းရင်းသားတွေမှာ ရွေးကောက်ပွဲဝင်ကြမယ့် မွန်ပါတီ ၂ တီရှိပါတယ်၊ မွန်တိုင်းရင်းသားတွေအနေနဲ့ မိမိတို့ရဲဆန္ဒမဲတစ်ပြားဟာ တခြားသောပါတီအတွက်မဖြစ်သင့်ပါ၊ မိမိတို့မွန်ပါတီတွေအတွက်ပဲ ဖြစ်သင့်တယ်၊ ဟိုမွန်ပါတီ၊ ဒီမွန်ပါတီ မဲထည့်ပါလို့တိုက်တွန်းတာမဟုတ်ဘူး၊ မွန် ၂ တီထဲက ကြိုက်တဲ့ပါတီကိုမဲထည့်ပါ” ဟု ပြောသည်။

    အဆိုပါ တိုက်တွန်းချက်သည် လက်ရှိမွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်ဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးတွင် ဇူလိုင် ၉ ရက်နေ့က ပြုလုပ်သော ဒေသရှိမွန်ပြည်သစ်ပါတီပါတီနှင့် ဆက်စပ်အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲ၌ ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

    ယင်းတွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ၊ ပြည်ပရေးရာဌာနကြီး တာဝန်ခံ နိုင်အေးမွန်၊ မွန်အမျိုးသားတပ်မတော် MNLA အမှတ် ၅ တပ်ရင်းမှူးနှင့်အရာရှိများ၊ ဘုရားသုံးဆူဒေသ မွန်ပြည်သစ်ပါတီ အုပ်ချုပ်ရေးကော်မတီဝင်များ၊ တိုးတက်သောမွန်လူငယ်များအစည်းအရုံး MYPO, ကယ်ဆယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဌာနဝန်ထမ်းများ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

    “ကျနော်တို့မွန်ပြည်သစ်အနေနဲ့ ဒီ ၂ ပါတီကို တစ်ပါတီဖြစ်အောင်ပေါင်းစည်းစေချင်တယ်၊ ဒါပေမယ့် ဖြစ်မလာသေးဘူးပေါ့၊ ရဟန်းသံဃာတော်တွေရော မွန်တိုင်းရင်းတွေပါ ဒီ ၂ ပါတီပေါင်းစည်းဖို့ ကြိုးပမ်းခဲ့တာပဲ၊ မအောင်မြင်သေးဘူးပေါ့” ဟု နိုင်အေးမွန်က ပြောသည်။

    အလားတူ နိုင်ဟံသာကလည်း မွန် ၂ ပါတီကို မဲပေးသည့်အခါ ကိုယ်စားလှယ်လောင်း၏ အရည်အချင်းအပေါ်အခြေခံပြီး ရွေးချယ်သွားရန်လိုအပ်သည်ဟု ပြီးခဲ့သည့်ဇွန်လအတွင်း သံဖြူဇရပ်မြို့တွင်ကျင်းပခဲ့သော မွန်စာပေဟောပြောပွဲ၌ တက်ရောက်သူပရိသတ်များ၏ မေးမြန်းချက်တွင် ယင်းကဲ့သို့ ဖြေကြားခဲ့သည်။

    “ကိုယ်စားလောင်းတစ်ဦးဦးဟာ သူ့ရဲ့အတိတ်၊ ပစ္စုပ္ပန်ကာလ ဖြတ်သန်းမှုတွေမှာ မိမိတို့အမျိုးသားအတွက် ဘာတွေဆောင်ရွက်ခဲ့လဲ၊ ဘယ်လိုစွန့်လွှတ်အနစ်နာခံခဲ့တာ ရှိလဲ၊ ဒီအချက်တွေကိုလည်း ထည့်သွင်းစဥ်းစားဖို့လိုတယ်” ဟု နိုင်ဟံသာက ပြောခဲ့သည်။

    လက်ရှိကာလတွင် မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့ မွန်ပြည်နယ်တွင်သာမက ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း မဲဆန္ဒနယ်အချို့တွင်လည်း ဝင်ရောက်ယှဥ်ပြိုင်မည်ဟု သိရသည်။

    ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF မှ ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ MDP အဖြစ်၄င်း၊ ထို့နောက် ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီပါတီအဖြစ်သို့ အမည်ပြောင်းလဲခဲ့သည်။

    ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ရွေးကောက်ပွဲမဝင်သဖြင့် မွန်တိုင်းရင်းသားအချို့စုစည်းပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။

    အဆုိုပါ မွန် ၂ ပါတီအား တစ်ပါတီအဖြစ်သို့ ပေါင်းစည်းရေးအတွက် မွန်ရဟန်းသံဃာတော်များ ၃၃ လကြာ ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိသဖြင့် ရဟန်းသံဃာတော်များ၏ “မွန်ပါတီပေါင်းစည်းရေးအဖွဲ့” ကိုဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။
    ၂၀၁၅ ခုနစ် နိုဝင်ဘာ ၈ ရက်နေ့တွင် မြန်မာနိုင်ငံတဝန်း၌ ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks