spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ရိုးရာဘာသာရေးပွဲတော်များ စနစ်တကျကျင်းပရန် စည်းကမ်းသတ်မှတ်မည်

    မွန်ရိုးရာဘာသာရေးပွဲတော်များ စနစ်တကျကျင်းပရန် စည်းကမ်းသတ်မှတ်မည်

    -

    ဘဒ္ဒန္တသီလာစာရ မိန့်ကြားစဥ်(GS)
    ဘဒ္ဒန္တသီလာစာရ မိန့်ကြားစဥ်(GS)
    စနောင်းတိုင်း – မွန်ပြည်နယ်တဝန်း မွန်ရိုးရာဘာသာရေးပွဲတော်များဖြစ်သော ရဟန်းခံရှင်ပြုပွဲ၊ ဘုန်းတော်ကြီးပျံပွဲများ စနစ်တကျဖြစ်စေရန် မွန်သံဃာတော်များအဖွဲ့ချုပ်ဖြစ်သော ရာမညနိကာယဂိုဏ်းက

    စည်းကမ်းချက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့၊ အောက်ပဲခူး ပရိယတ္တိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီလာစာရ မိန့်ကြားတော်မူခဲ့သည်။

    ဆရာတော်က “ မွန်သံဃာတော်အဖွဲ့အနေနှင့် စည်းကမ်းချက်တွေရေးဆွဲနေတယ်၊ နောက်နှစ်လောက်ဆိုရင်ပြီးမယ်၊ ရာမညနိကာယ စည်းကမ်းချက်တွေရေးဆွဲပြီးရင် သံဃာတော်အပိုင်း ဒါယကာတွေအပိုင်း ဘယ်လိုလိုက်နာရမလဲ၊ ဘုန်းကြီးပျံပွဲတော်တွေနဲ့ပတ်သက်ပြီးတော့ စည်းကမ်းချက်တွေသတ်မှတ်ပြီးရင် သံဃာတော်တွေအားလုံး လိုက်နာဖို့စီစဥ်မယ်” ဟု ဇူလိုင် ၈ ရက်နေ့တွင် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်နယ်တဝန်းတွင် ဒါယကာများ၏ ငွေကြေးများကိုသုံးစွဲပြီး ဘာသာရေးပွဲတော်များ၊ အလှူရေစက်ချပွဲတော်များ အမြဲမပြတ်ပြုလုပ်လေ့ရှိပြီး စနစ်တကျမရှိသည့်အတွက် သံဃာတော်များနှင့် ဒါယကာများအကြား ဝေဖန်စရာများ ဖြစ်လာသည်။

    ယခုအခါ ရဟန်းခံရှင်ပြုပွဲများပြုလုပ်ရာ၌ သဒ္ဒါတရားထက်သန်ကြသော်လည်း ရှင်လောင်းလှည့်ပွဲများတွင် အရက်သေစာ ဘီယာ မူးယစ်သောက်စားမှုများကြောင့် မလိုလားအပ်သောပြဿနာများ ပိုမိုတွေ့ရှိလာရကြောင်း၊ ယင်းသို့ ငွေကြေးများစွာသုံးစွဲမှုများ အကျိုးမရှိကြောင်း၊ ရှင်ပြုရဟန်းခံအမည်ခံပြီး ရိုးရာယဥ်ကျေးမှုများ ဖျက်ဆီးရာရောက်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

    ဆရာတော်က “မွန်တွေက ကိုယ့်ရွာကဆိုရင် အလှူအတန်းတွေမှာ ရက်ရောတာ ပြောစရာမရှိဘူး၊ ကိုယ့်ရွာပြင်ပကိစ္စတွေ ဥပမာမွန်စာပေနဲ့ယဥ်ကျေးမှုတွေ၊ မွန်အမျိုးသားရေးနှင့်ပတ်သက်ရင် တော်တော့ တွန့်တိုကြတယ်” ဟု မိန့်သည်။

    လာမည့်နှစ်တွင် ရာမညနိကာယဂိုဏ်း၏ မွန်ဘာသာပထမပြန်စာမေးပွဲ ကျင်းပခြင်း အနှစ် ၁၀၀ ပြည့်အခမ်းအနား ကျင်းပမည်ဟုသိရသည်။

    ရာမညနိကာယဂိုဏ်းဦးစီး၍ မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်း၌ ထောင်နှင့်ချီသော မွန်သံဃာတော်များ၏ ပရိယတ္တိစာမေးပွဲများကို နှစ်စဥ်ကျင်းပလေ့ရှိသည်။

    ရာမညနိကာယဂိုဏ်းကို သာသနာသက္ကရာဇ် ၂၄၀၆ (၁၈၆၃) ခုနှစ်တွင် ရာမညတိုင်း၊ ပဲခူးမြို့ရှိ ကလျာဏီသိမ်တော်၌ သိက္ခာသစ်တင် စတင်ဖွဲ့စည်းခဲ့သည်ဟု မွန်သမိုင်းမှတ်တမ်းများတွင် ဖေါ်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks