spot_img
Wednesday, February 11, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်လိမ်စင်ရွေးကောက်ပွဲကြီး တကြော့ပြန်လာဦးမှာလား

    လိမ်စင်ရွေးကောက်ပွဲကြီး တကြော့ပြန်လာဦးမှာလား

    -

    လက်ရှိ လွှတ်တော်အသီးသီးတွင် အစိုးရနှင့် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များ၏ ဆွေးနွေးတင်ပြချက်များကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်ပါက ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သော ဘောင်းဘီချွတ်ဗိုလ်ချုပ်ဟောင်းများနှင့် အရွေးချယ်ခံမဟုတ်သော တပ်မတော်ကိုယ်စားလှယ်များ လာမည့်ရွေးကောက်ပွဲ တကြော့ပြန်အောင်နိုင်ရေးအတွက် ကြိုးပမ်းနေကြသည်ကို တွေ့ရှိရသည်။

    လွန်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကာလ၌ မြန်မာပြည်အလယ်ပိုင်း၊ ရန်ကုန်၊ မန္တလေးစသည့် ဗမာလူဦးရေထူထပ်သောဒေသများတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြိုင်ဘက်မရှိလွယ်လင့်တကူ အနိုင်ရရှိခဲ့ကြသည်။ တဖက်တွင်လည်း တိုင်းရင်းသားဒေသများတွင် မဲမသမာမှုများဖြင့် ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိခဲ့သည်ကိုလည်း အားလုံးအသိပင် ဖြစ်သည်။

    ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲကာလအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲစာရင်းကောက်ယူခဲ့ရာတွင် လူမရှိသောအိမ်ထောင်စု၊ သေဆုံးပြီးသူများ၊ ခရီးလွန်နေသူများ၊ အိမ်ထောင်စုစာရင်းမရှိသူများကို ကြိုတင်မဲအဖြစ်အသုံးချပြီး ပြည်ခိုင်ဖြိုးမဲအောင်နိုင်ရေးအတွက် ဖန်တီးမှုများ ဖြစ်ရှိခဲ့သည်။

    တိုင်းရင်းသားဒေသများအတွင်း အထူးသဖြင့် မွန်၊ ကရင်၊ ကရင်နီ(ကယား)၊ ရှမ်းပြည်နယ်မှ ရွေ့ပြောင်းလုပ်သား လူငယ်(ကျား/မ) များစွာ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရောက်ရှိနေသဖြင့် မဲမထည့်နိုင်ကြသည့်အတွက် ၄င်းတို့၏မဲပြားများသည် ပြည်ခိုင်ဖြိုးပါတီအတွက် အောင်နိုင်ရေးမဲများအဖြစ် မဲရုံများတွင် ဖန်တီးခဲ့ကြသည်။ အဆိုပါ မဲဆန္ဒထည့်သောရက်နေ့တွင် တိုင်းရင်းသားအမတ်လောင်းအချို့ မဲအရေအတွက်အသာရရှိသော်လည်း ကြိုတင်မဲရောက်လာသဖြင့် အရှုံးနှင့်ရင်ဆိုင်ခဲ့သည့် ဖြစ်ရပ်များရှိခဲ့သည်။

    လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့်ယှဉ်ပြိုင်ရတော့မည့်အနေအထားကြောင့် ၂၀၁၀ ရွေးကောက်ပွဲအခင်းအကျင်းနှင့် အလွန်ကွာခြားပေလိမ့်မည်။ ဗမာလူမျိုးစုအများဆုံးနေထိုင်သော မြန်မာပြည်မ၌ NLD ပါတီအား ထောက်ခံမှုများပြားလိမ့်မည်ဟု ယူဆရသည်။

    သို့သော် လာမည့်ရွေးကောက်ပွဲ မဲအောင်နိုင်ရေးအတွက် လက်ရှိအာဏာရသူတွေ မည်ကဲ့သို့ စီစဉ်နေပါသနည်း။ ပထမဦးဆုံး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုကြည့်မည်ဆိုပါက အလယ်အလတ်ကျမည့် အဖွဲ့အစည်းတစ်ခုဟု မဆိုနိုင်ပေ။ ကော်မရှင်ဥက္ကဌ “ဦးတင်အေး” ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ပြီး ကော်မရှင်အဆင့်ဆင့်ရှိ ဦးဆောင်အဖွဲ့ဝင်များသည်လည်း တပ်မတော်အသိုင်းအဝိုင်းမှ လာသောပုဂ္ဂိုလ်များပင်တည်း။ မြန်မာပြည်တနံတလျားရှိ ပညာရှင်များ၊ လူရိုသေရှင်ရိုသေပုဂ္ဂိုလ်များဖြင့် အဘယ်ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို မဖွဲ့စည်းပါသနည်း။ ဗဟိုမှညွှန်ကြားချက်သည် သက်ဆိုင်ရာ ခရိုင်၊မြို့နယ်၊ တိုက်နယ်၊ ရပ်/ကျေးအသီးသီးသို့ ရောက်ရှိမည်ဖြစ်သည့်အတွက် မဲမသာမှုများ မဖြစ်နိုင်ဟု မည်သူအာမခံဝံ့သနည်း။

    လက်ရှိထုတ်ပြန်သော အခြေခံမဲစာရင်းအတွေ့အကြုံအရ ရွေးကောက်ပွဲကော်မရှင်၏အစီအမံတွင် ကွယ်လွန်သူများအမည်ပါဝင်၊ လက်ရှိအိမ်ထောင်စုစာရင်းရှိသူများ နာမည်မပါဝင်၊ နာမည်ပါ သော်လည်း ဖခင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ် လွဲမှားမှုနှင့် ပုံစံအမျိုးမျိုးလွဲမှားနေမှုက ၇၀% ရာခိုင်နှုန်းရှိနေသည်မှာ သံသယဖြစ်စရာဟု မီဒီယာများက ထောက်ပြနေသည်။

    သို့သော်လည်း ပြည်ခိုင်ဖြိုးပါတီနှင့် ပါဝင်ပတ်သက်နေသူများအနေဖြင့် အခြေခံမဲစာရင်းတွင် အချက်အလက်ပြည့်စုံမှန်ကန်လှပေသည်။ NLD ပါတီနှင့်နီးစပ်သူအချို့က ၂၀၁၀ ရွေးကောက်ပွဲတွင်မဲပေးခွင့်ရရှိခဲ့သော်လည်း ယခုထုတ်ပြန်သော အခြေခံမဲစာရင်း၌ သူတို့မိသားစု၏ အမည်နာမများမပါဝင်သည်မှာ ထူးခြားလှပေ၏။

    မြန်မာပြည်သားများတွင် အထူးသဖြင့် ၁၈ နှစ်ပြည့်ပြီးသော တိုင်းရင်းသားလူငယ်များ တိုင်းတပါးသို့ သိန်းသန်းချီရောက်ရှိနေသည်။ သို့သော် အဆိုပါရွေ့ပြောင်းလုပ်သားများ ရပ်ဝေးမှမဲထည့်နိုင်ရေး၊ မဲထည့်နိုင်သည့်အခွင့်အရေးမဆုံးရှုံးစေရေး ရွေးကောက်ပွဲကော်မရှင်က မည်သို့စီစဉ်ဆောင်ရွက် နေသည်ကို လုံးဝမကြားသိရသေးပေ။

    အချုပ်အားဖြင့်ဆိုသော် ရွေးကောက်ပွဲကော်မရှင်တို့၏ လက်ရှိကြိုးပမ်းလုပ်ဆောင်နေမှုများသည် ပြည်ခိုင်ဖြိုးပါတီ မဲအောင်နိုင်ရေး၊ NLD အပါအဝင် တိုင်းရင်းသားပါတီများအပေါ် လုံးဝအနိုင်ယူရေးပင် ဖြစ်နေသည်။ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲသည် တရားမျှတမှုရှိသော ရွေးကောက်ပွဲလော၊ လိမ်စင်ရွေးကောက်ပွဲလော ဆိုသည်ကို စောင့်ကြည့်နေရဦးမည်ဖြစ်ကြောင်း တင်ပြအပ်ပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks