spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းတတိယအကြိမ် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲ အမြင့်ဆုံးဆု ‘နိဒါန်း’ မှတ်တမ်းရုပ်ရှင်ရရှိ

    တတိယအကြိမ် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲ အမြင့်ဆုံးဆု ‘နိဒါန်း’ မှတ်တမ်းရုပ်ရှင်ရရှိ

    -

    တတိယအကြိမ် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် အမြင့်ဆုံးဆုဖြစ်သည့် အောင်ဆန်းစုကြည်ဆုကို မွန်ပြည်နယ်၊ ရေးမြို့နယ် ဖာလိန်ဒေသတွင် ဆောက်လုပ်မည့် အံဒင်ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်၍ ရိုက်ကူးထားသော ‘နိဒါန်း – Touching The Fire’ ရုပ်ရှင်မှ ရရှိသွားကြောင်း သိရသည်။

    ရန်ကုန်မြို့တွင် ဇွန်လ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံကျောင်းမှ ဦးစီး ပြုလုပ်သည့် တတိယအကြိမ် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် ပြည်တွင်းပြည်ပမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ရုပ်ရှင်ကားပေါင်း ၆၇ ကားရှိပြီး ‘နိဒါန်း’ မှတ်တမ်းရုပ်ရှင် ဆုရရှိခဲ့ကြောင်း ယင်းဗီဒီယိုရုပ်ရှင်ကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ မင်းသန်းဦးက ပြောသည်။

    နိဒါန်းမှတ်တမ်းရုပ်ရှင် ကာဘာအဖုံး(Copy)
    နိဒါန်းမှတ်တမ်းရုပ်ရှင် ကာဘာအဖုံး(Copy)
    ဒါရိုက်တာ မင်းသန်းဦးက “ဒီပြပွဲမှာ ဆု ၇ ဆုရှိတယ်၊ အဲဒီထဲမှာ အောင်ဆန်းစုကြည်ဆုက အမြင့်ဆုံးပဲ၊ ရုပ်ရှင်ကားပေါင်း ၆၇ ကားထဲမှာ မှတ်တမ်းဗီဒီယိုက ၁၀ ကားလောက်ပဲရှိတယ်၊ အဲဒီအထဲက သူတို့ပြန်ရွေးတော့ ကျနော်တို့ နိဒါန်းက ဒီဆုကို ရသွားတယ်” ဟု ပြောသည်။

    အဆိုပါ “နိဒါန်း” မှတ်တမ်းရုပ်ရှင်ကို နိုင်စဝေါမွန်က စီစဉ်ပြီး ဒါရိုက်တာ မင်းသန်းဦး(M31) ရိုက်ကူး၍ ၂၀၁၅ ခု၊ နှစ်ဦးပိုင်းတွင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM မှ DVD ဓါတ်ပြားဖြင့် အခမဲ့ထုတ်ဝေဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

    မြန်မာပြည်တွင် လူ့အခွင့်အရေး စကားလုံးကို စတင်သုံးစွဲ ပြောဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွန်း၍လည်းကောင်း၊ ကျောင်းသားအရေးအခင်းဖြစ်သည့် ၈၈ ကျောင်းသားများ ပေါ်လာသည့်နောက်ပိုင်းတွင် မင်းကိုနိုင် ကိုလည်းကောင်း၊ ၈၈ အရေးအခင်း ဖြစ်ရသည်မှာ လူ့အခွင့်အရေးကြောင့် ဖြစ်၍ ဖြစ်ပေါ်သည့်နေ မတ် ၁၃ ကို လူ့အခွင့်အရေးနေ့အဖြစ် အသိမှတ်ပြု၍ မတ် ၁၃ ဆုဟူ၍လည်းကောင်း၊ အလားတူ ဟံသာဝတီ ဦးဝင်တင်သည်လည်း လူ့အခွင့်အရေးကို ကြိုးပမ်းခဲ့သည့် လူဖြစ်တစ်ဦးဖြစ်၍ သူနာမည်နှင့်လည်း တစ်ဆု ပါဝင်ကြောင်း သိရသည်။

    ဒါရိုက်တာ မင်းသန်းဦးက “ဒီလူ့ဂုဏ်သိက္ခာသိပ္ပံကျောင်းအဖွဲ့က လုပ်တာက လူ့အခွင့်အရေးပါမယ်၊ ကလေးအခွင့်အရေးပါမယ်၊ အမျိုးသမီးအခွင့်အရေးပါမယ်၊ ဒီနှစ်မှာက အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီး ဝင်ရောက်ယှဉ်ပြိုင်စေချင်ပါတယ်” ဟု ဆိုသည်။

    နိဒါန်းရုပ်ရှင် မှတ်တမ်းသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ဒေသတွင် Toyo Thai ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း (၂၇၀ဝ) ရင်းနှီးမြှပ်နှံမည့် လျှပ်စစ်ဓါတ်အား (၁၂၀ဝ) မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် စိုင်းပြင်းနေသည့် အခြေအနေနှင့် ဒေသခံတို့၏ အမြင်သဘောထားများကို ပေါင်းစည်း တင်ဆက်ထားကြောင်း သိရသည်။

    “မွန်ပြည်နယ်မှာဆိုရင်လည်း ဒီကိစ္စက အရမ်းကို အရေးကြီးတဲ့ အကြောင်းအရာတစ်ခုဖြစ်နေတယ်၊ နောက်ပြီး ဒီတစ်နှစ်လုံးမှာ ကျနော် ဒီမှတ်တမ်း ရုပ်ရှင်တစ်ကားကိုပဲ ရိုက်ထားတဲ့အတွက် ဒါကိုပဲ ဝင်ပြီး ပြဖြစ်တာပါ” ဟု ဒါရိုက်တာ မင်းသန်းဦးက ပြောသည်။

    တတိယအကြိမ်မြောက် လူ့အခွင့်အရေလူ့ဂုဏ်သိက္ခာ ရုပ်ရှင်ထူးချွန်ဆုကို နိုင်ငံတကာ မှတ်တမ်းရုပ်ရှင်မှရွေးချယ်သည့် ဒေါ်အောင်ဆန်းဆုကြည်ဆုကို Joshua Oppenheimer ရိုက်ကူးသည့် The Look of Silence၊ ပြည်တွင်း မှတ်တမ်းရုပ်ရှင်မှ အောင်ဆန်းစုကြည်ဆုကို မင်းသန်းဦး ရိုက်ကူးသည့် နိဒါန်း၊ မင်းကိုနိုင်ဆုကို မိုင်းအိုက်နွေ (တအာင်န်းချစ်သူ) ရိုက်ကူးသည့် ကျွဲကျောင်းသားလေး၊ မတ် ၁၃ ဆုကို ဉာဏ်ကျွယ်စေ ရိုက်ကူးသည့် အန်နီမေးရှင်ဇာတ်ကား၊ ဟံသာဝတီ ဦးဝင်းတင်ဆုကို မိုင်းအိုက်နွေ ရိုက်ကူးသည့် ကျွဲကျောင်းသားလေး ဇာတ်လမ်း၊ vaclav Haval Library ဆုကို ဖြိုးဇေယျကျော်၊ ပြည့်ဇော်ဖြိုးနှင့် ကောင်းဆင့် တို့ ရိုက်ကူးသည့် ကန့်လန့်ဖြတ်မှတ်တမ်းရုပ်ရှင်၊ Peter Wintonick ဆုကို ထက်အောင်စံနှင့် ကမ်းခန့်စိန်တို့ ရိုက်ကူးသည့် ဝဲကြီးမှတ်တမ်း ရုပ်ရှင်တို့မှ အသီးသီး ရရှိခဲ့ကြသည်။

    လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်ကို ၂၀၁၃ တွင် စတင်ခဲ့ရာ ၂၀၁၄ ခုနှစ်အထိ ဇာတ်ကားပေါင်း ၁၂၀ ကျော် ပြသနိုင်ခဲ့ပြီး ယခုနှစ်တွင် ဇတ်ကား ၆၇ ကိုလည်း ထပ်မံ ပြသနိုင်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts