spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုလည်း ထိန်းသိမ်းရန်အရေးကြီးကြောင်း နိုင်ဟံသာပြော

    ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုလည်း ထိန်းသိမ်းရန်အရေးကြီးကြောင်း နိုင်ဟံသာပြော

    -

    ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ်၊ ဝင်းကရွာအခြေစိုက် မွန်ယဉ်ကျေးမှုဗိမာန် ရိုးရာဂီတသင်တန်းဆင်းပွဲ၌ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ဟံသာက မိမိတို့ မွန်ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းကြရန်အရေးကြီးကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်

    ။နိုင်ဟံသာက “လူမျိုးတစ်မျိုးမှာ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနဲ့ နောက်ခံသမိုင်းဆိုတဲ့ အင်္ဂါရပ်ကြီး ၄ ခုရှိတဲ့အတွက် ဘာသာစကား၊ စာပေတို့လိုဘဲ မိမိတို့မွန်လူမျိုးရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်တဲ့ ဂီတ၊ အဆိုအကတွေကို အထူးသဖြင့်လူငယ်တွေ သင်ကြားဆည်းပူးသင့်တယ်၊ ယဉ်ကျေးမှုဟာ လူမျိုးတစ်မျိုးရဲ့အဆင့်အတန်းကို ဖော်ပြတယ်” ဟု ပြောသည်။

    ထို့အတူ မိမိတို့၏ဘာသာစကားနှင့် စာပေကိုလည်း မွန်လူငယ်တိုင်း ပြောဆိုသုံးစွဲနေမှသာ မိမိတို့ မွန်လူမျိုးအဓွန့်ရှည်စွာ တည်တန့်ခိုင်မြဲမည်ဖြစ်ကြောင်း ဥပမာများဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

    “ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေဟာ ခုချက်ချင်း မပျောက်ပျက်နိုင်ပေမယ့် အခြားလူမျိုးရဲ့ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေနဲ့ ရောယှက်ပေါင်းစပ်သုံးစွဲတာကြာရင် အခြားလူမျိုးကြီးတွေရဲ့ဝါးမြိုမှုကို ခံသွားရပြီး မိမိလူမျိုးရဲ့အင်္ဂါရပ်တွေ ပျောက်ဆုံးသွားနိုင်တယ်” ဟု နိုင်ဟံသာက ပြောသည်။

    အဆိုပါသင်တန်းတွင် မွန်ရိုးရာတူရိယာဖြစ်သော မိကျောင်း၊ လခြမ်း၊ ပုလွေ၊ ပတ္တလား၊ ဗုံ တီးခတ်သူ ၁၃ ဦး၊ ယိမ်းအက ၈ ဦး၊ သီချင်းကြီးအဆို ၂ ဦးပါဝင်ပြီး သင်တန်းဆရာ နိုင်ထောပိုင်(အငြိမ်းစားကထိက-ယဉ်ကျေးမှုတက္ကသိုလ်)၊ နိုင်ထွန်းစိန်နှင့် မင်းတိုန်နန်(ဒေါက်တာ ထက်ဝေလင်း) တို့ ၃ လကြာသင်ကြားပို့ချခဲ့သည်ဟု သိရသည်။

    နိုင်ထောပိုင်က “ ခလေးတွေအချိန်နည်းနည်းနဲ့ တတ်မြောက်တီးခတ်နိုင်အောင် အဓိက Music Notation ဂီတသင်္ကေတကို အရင်သင်တယ်၊ အခုဆိုရင် ဒီခလေးတွေ Note တွေ့တာနဲ့ တီးခတ်နိုင်တဲ့အဆင့်ရနေပြီ၊ သူတို့ဆက်ပြီး လေ့ကျင့်ရင် ဒီထက်မက ပိုပြီးတီးခတ်နိုင်ပါလိမ့်မယ်” ဟု ပြောသည်။

    သင်တန်းဆင်းပွဲအခမ်းအနားကို ဒေသခံများ၊ ဘုရားသုံးဆူမြို့နယ် မွန်စာပေယဉ်ကျေးမှုကော်မတီဝင်များ၊ သင်တန်းသားမိသားစုများ အပါအဝင် ဧည့်ပရိသတ် ၁၀ဝ ခန့် တက်ရောက်အားပေးကြည့်ရှုသည်ကို တွေ့ရှိရသည်။

    အဆိုပါ မွန်ယဉ်ကျေးမှုဗိမာန်ကို ၂၀၁၁ ခုနှစ်တွင် ဒါရိုက်တာ နိုင်ကဆော့မွန် စတည်တည်ထောင်ခဲ့ပြီး ဂီတတီးခတ်မှုသင်တန်း ၂ ကြိမ်၊ အက သင်တန်း ၃ ကြိမ်ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၆၀ ဦးကျော် သင်ကြားအောင်မြင်ခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks