spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းမွန်ဒေသ လူမှုဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲတွင် မူးယစ်ဆေးဝါးနှင့်ပညာရေး ပြဿနာများကိုဆွေးနွေး

    မွန်ဒေသ လူမှုဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲတွင် မူးယစ်ဆေးဝါးနှင့်ပညာရေး ပြဿနာများကိုဆွေးနွေး

    -

    ဒုတိယအကြိမ် မွန်ဒေသ လူမှုဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲကို မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာ၊ ကျိုက်ဒေးတမော့ဗရတ် ဘုန်းတော်ကြီးကျောင်းတွင် မေလ ၁၄ ရက်နေ့မှ ၃ ရက်တိုင် ကျင်းပလျက်ရှိပြီး မူးယစ်ဆေးဝါး ပြဿနာနှင့် ပညာရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

    လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ကာကွယ်ရန် နည်းလမ်းများ ဆွေးနွေးခြင်းကို တိုးတက်သော မွန်လူငယ် အစည်းအရုံးမှ မင်းစွမ်းတမားနှင့် မွန်လူမျိုးများ ပေါင်းစည်းရေးအဖွဲ့မှ နိုင်သဟမွန်တို့က တင်ပြဆွေးနွေးကြသည်။

    နိုင်သဟမွန် က “မူးယစ်ဆေးဝါးကို မိမိကနေ စပြီး အိမ်ထောင်စုအဆင့်၊ ရပ်ကျေးအဆင့်နှင့် မြို့နယ်အဆင့် ဒီလို တစ်ဆင့်ချင်း ကာကွယ်သွားဖို့ လိုတယ်။ ဥပမာ သူငယ်ချင်းတွေက မူးယစ်ဆေးဝါး သုံးဖို့ ကိုယ့်ကို ခေါ်ရင် ငြင်းပယ်ရဲရမယ်။ ဒီလို တဆင့်ချင်း သွားဖို့ လိုတယ်” ဟု ပြောသည်။

    မွန်ဒေသတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု ကင်းစင်ရန်အတွက် ပြည်သူတို့ အသိတရားတစ်ခုတည်းဖြင့် လုပ်ဆောင်၍ မဖြစ်နိုင်ကြောင်း၊ တာဝန်ရှိသူများကလည်း ထိထိရောက်ရောက် ကိုင်တွယ်သင့်ကြောင်း၊ မူးယစ်ဆေးဖြင့် လူမျိုးအညွန့်တုန်းအောင် လုပ်ဆောင်နေသည့် အပြင်မှ ပယောဂကိုလည်း သတိထားသင့်ကြောင်း သူက ဆက်ပြောသည်။

    မွန်လူငယ် ပညာပေးအဖွဲ့မှ မင်းစိုက်ရော့ က “မူးယစ်ဆေးဝါး ပညာပေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ၂ မျိုး လုပ်ပါတယ်။ တစ်ခုက မြို့နယ်အဆင့်နဲ့ ပူးပေါင်းပြီး တောင်းဆိုတဲ့ မြို့နယ်တွေကို သွားပြီး ကျွန်တော်တို့ ပညာပေး ဆွေးနွေးပွဲတွေ လုပ်ပေးပါတယ်။ နောက်တစ်ခုက ပိုစတာနှင့် လက်ကမ်းစာစောင်တွေ ဖြန့်ပြီး ပညာပေးတာတွေ လုပ်ပါတယ်” ဟု ပြောသည်။

    မွန်လူငယ်များအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုသည် အလွန်စိုးရိမ်စရာ အခြေအနေတွင် ရှိပြီး၊ အနာဂတ်အတွက် များစွာ သတိထားရန် လိုအပ်ကြောင်း၊ စစ်တမ်းကောက်ရန် မဖြစ်နိုင်သည့်အတွက် အရေအတွက် ရာနှုန်းအားဖြင့် မဖော်ပြနိုင်ကြောင်း သူက ဆက်ပြောသည်။

    မွန်အမျိုးသား ပညာရေး၊ အစိုးရကျောင်းများတွင် မွန်စာသင်ကြားခြင်း၊ အမျိုးသား ပညာရေး ဥပဒေကြမ်းနှင့် မိခင်ဘာသာစကား သင်ကြားခွင့် တို့ကို မိလေးမွန်၊ မိချမ်းအိုင်းနှင့် မိလှိုင်းနွန်တို့က တင်ပြကာ ဆွေးနွေးကြသည်။

    ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) မှ မိချမ်းအိုင်း က “မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ ငြိမ်းချမ်းရေးကို တည်ဆောက်မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ မိခင်ဘာသာစကား သင်ကြားခွင့်ကို အစိုးရက မဖြစ်မနေ အကောင်အထည်ဖော်ပေးသင့်တယ်” ဟု ပြောသည်။

    ၎င်းပြင် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရန် နည်းလမ်းများ ဆွေးနွေးခြင်းကို အရှင်သ႘ဟ၊ မင်းစိုက်ရော့နှင့် မင်းဇာနည်ဦးတို့က တင်ပြကြပြီး၊ ကိုယ်စားလှယ်များက အုပ်စုခွဲကာ ဆွေးနွေးပြီးနောက် နည်းလမ်းများကို ပြန်လည် တင်ပြကြသည်။

    နှီးနှောဖလှယ်ပွဲ ဒုတိယနေ့သို့ ရဟန်းသံဃာတော်များ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် အဝေးရောက် မွန်လူမှုအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၄၀ ကျော် တက်ရောက်ကြသည်။

    နှီးနှောဖလှယ်ပွဲကို မေလ ၁၄ ရက်နေ့မှ စကာ ၃ ရက်တိုင် ကျင်းပမည် ဖြစ်ပြီး ပထမနေ့တွင်လည်း မွန်ဒေသအတွင်း အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အခြေအနေ ဆွေးနွေးခြင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲ နိုင်ငံရေး အခြေအနေတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

    မွန်ဒေသ လူမှုဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲကို ၂ နှစ်လျှင် တစ်ကြိမ် ကျင်းပရန်လျာထားပြီး ပထမအကြိမ် နှီးနှောဖလှယ်ပွဲကို ၂၀၁၃ ခုနှစ်တွင် မွန်ပြည်နယ်၊ ကမာဝက်မြို့၌ ကျင်းပခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks