Homeသတင်းမွန်အမတ်လောင်းနေရာ လူငယ်နှင့်အမျိုးသမီးများကို ဦးစားပေးမည်ဟုဆို

မွန်အမတ်လောင်းနေရာ လူငယ်နှင့်အမျိုးသမီးများကို ဦးစားပေးမည်ဟုဆို

-

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်အမျိုးသားပါတီ (MNP) နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) တို့မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်း ကိုယ်စားလှယ် အရည်အချင်းတူညီပါက လူငယ်နှင့် အမျိုးသမီးများကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်များမှ သိရသည်။

ယခုမေလအတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီဝင်များမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ စာရင်းများကို ပေးသွင်းရမည် ဖြစ်ကြောင်းသိရသည်။

မွန်အမျိုးသားပါတီ (MNP) အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “အမတ်လောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေကိုတော့ ကျနော်တို့ပါတီက အချက် ၁၈ ချက် သတ်မှတ်ထားတယ်၊ အဓိကတော့ ပါတီဝင်ဖြစ်ရမယ်၊ ပါတီမူဝါဒကို ဦးထိပ်ထားရမယ်၊ အရွေးခံမဲ့ ဒေသက လူဖြစ်ရမယ် ကိုယ့်ရဲ့ဇာတိဖြစ်ရမယ်၊ မြို့နယ်အဆင့်ပါတီက ထောက်ခံတဲ့ လူဖြစ်ရမယ်၊ အရည်အချင်းတူမယ်ဆိုရင် အမျိုးသမီးနဲ့ လူငယ်တွေကို ဦးစားပေးသွားမယ်” ဟု ဆိုသည်။

ထို့အတူ မိမိတို့ဗဟိုကော်မတီအဖွဲ့ဝင်တွင် ပါဝင်သည့် အမျိုးသမီးများ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ သို့သော်လည်း မည်သူမည်ဝါ ဝင်ရောက်ယှဉ်ပြိုင်မည်ကို စာရင်းမပေးသွင်းရသေးသည့်အတွက် မသိရသေးကြောင်း နိုင်လယီတမးက ဆက်ပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင်က “ကျနော်တို့ ပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးမှာလည်း ဆုံးဖြတ်ချက်ချထားပြီးသားပါပဲ၊ အမတ်လောင်းစရင်း ပေးသွင်းတဲ့နေရာမှာ အမျိုးသမီးနဲ့ လူငယ်တွေကို ဦးစားပေးဖို့ မြို့နယ်ပါတီရုံးတွေကို အသိပေးထားပြီးပါပြီး” ဟု ဆိုသည်။

မိမိတို့ပါတီမှ အမျိုးသမီးကိုယ်စားလှယ် အနည်းဆုံး ၅ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ယူဆကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများသည် ပါတီဝင်ဖြစ်ရမည်၊ မွန်လူမျိုးဖြစ်ရမည်၊ မွန်စာနှင့် မွန်စကားတတ်မြောက်သူ ဖြစ်ရမည် စသည့် အရည်အချင်းများနှင့်အတူ အခြေခံဥပဒေတွင် ရေးသားထားသည့် အရည်အချင်းများနှင့်လည်း ကိုက်ညီရမည်ဖြစ်ကြောင်း နိုင်စံတင်က ပြောသည်။

“ကျနော်တို့ မဝင်နိုင်တဲ့နေရာတွေမှာ ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) က ဝင်ရောက်အရွေးခံသွားမယ်၊ ကျနော်တို့ ညှိနှိုင်းထားပြီးသားပါ” ဟု ၎င်းက ဆက်ပြောသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်အမျိုးသားပါတီက မွန်ပြည်နယ်မြို့နယ် ၁၀ မြို့နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး အပါအဝင် အမတ်လောင်းဦးရေ ၆၆ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားပြီး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ကလည်း မွန်ပြည်နယ် ၇ မြို့နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အပါအဝင် အမတ်လောင်း ၄၅ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်း သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီဖြစ်ပြီး မွန်အမျိုးသားပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts