spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်၏ ပထမဦးဆုံး စီးပွားရေးနှင့် ခရီးသွား သုတလမ်းညွန်စာအုပ် ဖြန့်ချိပြီ

    မွန်ပြည်နယ်၏ ပထမဦးဆုံး စီးပွားရေးနှင့် ခရီးသွား သုတလမ်းညွန်စာအုပ် ဖြန့်ချိပြီ

    -

    မွန်ပြည်နယ်အတွင်းရှိ သမိုင်းဝင်ထင်ရှားသည့် နေရာများ၊ လူပုဂ္ဂိုလ်များနှင့် မွန်ရိုးရာ ယဉ်ကျေးမှုအညွှန်းများ ပါဝင်သည့် မွန်ပြည်နယ်၏ ပထမဦးဆုံး စီးပွားရေးနှင့် ခရီးသွား သုတလမ်းညွှန် (၂၀၁၅-၁၆) စာအုပ်ကို မော်လမြိုင် အခြေစိုက် ဟင်္သာပျို မီဒီယာဂရုမှ စတင်ဖြန့်ချိလိုက်ပြီဟု အမှုဆောင်ချုပ် ဒေါ်မြမြချို က ပြောသည်။

    မွန်ပြည်နယ်၏ စီးပွားရေးနှင့် ခရီးသွား သုတလမ်းညွန်စာအုပ်(Copy)
    မွန်ပြည်နယ်၏ စီးပွားရေးနှင့် ခရီးသွား သုတလမ်းညွန်စာအုပ်(Copy)
    အဆိုပါ လမ်းညွှန်စာအုပ်တွင် အကြောင်းအရာပေါင်း ၁၅၀ ကျော် ပါဝင်ပြီး ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်၍ တစ်နှစ်ခွဲကျော် အချိန်ယူ ပြုစုကာ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် တစ်နိုင်ငံလုံးသို့ စတင်ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

    “ခေါင်းစဉ်တစ်ခုကို ရေးပြီဆိုရင် အဲဒီနေရာကို ရောက်အောင် သွားရတယ်။ အဲဒီမှာ သက်ဆိုင်ရာ လူကြီးတွေနဲ့ တွေ့တယ်။ လိုချင်တဲ့ အချက်အလက် အမှန်တွေကို ယူရတယ်” ဟု လမ်းညွှန်စာအုပ် ပြုစုသူ ဒေါ်မြမြချိုက ပြောပါသည်။

    စာအုပ်တွင် ထည့်သွင်းရေးသားထားသည့် အချက်အလက်များ ခိုင်လုံမှုနှင့် မှန်ကန်မှု ရှိရန် ရှာဖွေစုဆောင်းရသည်မှာ ခက်ခဲကြောင်း၊ အချို့အကြောင်းအရာများမှာ မှတ်တမ်းများ မရှိခြင်းနှင့် ခိုင်လုံမှု မရှိသည့်အတွက် လမ်းညွှန်တွင် မထည့်ရန် ဆုံးဖြတ်ခဲ့သော်လည်း ပြည်နယ် အစိုးရက ခရီးသွားဇုန် ပြုလုပ်ရန် ရည်ရွယ်ထားသည့်အတွက် စာဖတ်သူများ သိရှိနိုင်ရန်အတွက် ကြိုးစားပြုစုရကြောင်း သူက ပြောသည်။

    ဒေါ်မြမြချို က “ဥပမာ ဂျပန်လက်နက်တိုက်တွေဆိုရင် ပေါင်မြို့နယ်ထဲမှာ ရှိတယ်။ အဲဒီအချက်အလက်တွေကြတော့ ဘယ်သူမှ မပေးနိုင်ဘူး။ စာပေအထောက်အထားလည်း မရှိဘူး။ အဲဒါတွေကိုလည်း မချန်ထားချင်ဘူး။ ကျွန်မတို့က လက်နက်တိုက်ကို နှစ်ကြိမ် သုံးကြိမ်လောက် သွားပြီး ကိုယ့်ဘာသာ ကိုယ်လေ့လာရတယ်။ ပြီးတော့မှ အချက်အလက်တွေ ရနိုင်သမျှ ဆွဲထုတ်ပြီး ရေးရတယ်” ဟု ပြောသည်။

    မွန်ပြည်နယ်သို့ လာရောက်သည့် ခရီးသွား ဧည့်သည်များသည် ထင်ရှားသည့် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီ၊ မော်လမြိုင်ရှိ ကျိုက်သလ္လံစေတီနှင့် သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်ခမီနှင့် စက်စဲသို့သာ အဓိက လည်ပတ်ကြပြီး၊ အခြားနေရာများသို့ သွားရောက်လေ့လာမှု နည်းကြသည်။

    “မွန်ပြည်နယ်မှာဆိုရင် မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ လည်စရာ ပတ်စရာတွေ အများကြီး ရှိတာပေါ့လေ။ ဥပမာ ကျိုက်မရောမှာဆို ဂူတွေ အများကြီးကို တစ်ရက်တည်းမှာ လေ့လာလို့ ရအောင် စုဆောင်းပြီး ရေးထားတယ်” ဟု ဒေါ်မြမြချို က ပြောသည်။

    လမ်းညွှန်စာအုပ်တွင် မွန်ပြည်နယ် အကြောင်းအရာများ၊ အစိုးရဌာနနှင့် ပတ်သက်သည့် ဖုန်းနံပါတ်များ၊ မွန်ရိုးရာ လက်ထပ်ပွဲ၊ မွန်မိသားစု ထမင်းဝိုင်း စသည့် မွန်တိုင်းရင်းသား ယဉ်ကျေးမှုအညွှန်းများ၊ မြို့နယ်တစ်ခုချင်းအလိုက် နာမည်ကြီး ပုဂ္ဂိုလ်များ၊ သမိုင်းဝင် အုတ်ဂူများ၊ လည်ပတ်စရာ ရှုခင်းသားများ၊ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် ဟိုတယ် လမ်းညွှန်များ ပါဝင်သည်။

    မွန်ပြည်နယ်၏ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြုစုသည့် အဆိုပါ လမ်းညွှန်းစာအုပ်အတွက် မွန်ပြည်နယ် အခြေစိုက် သတင်းသမားများနှင့် ဒေသဆိုင်ရာ ပုဂ္ဂိုလ်များက ကူညီ စုဆောင်းပေးထားကြသည်။

    လာမည့်နှစ်တွင် ပိုမိုပြည့်စုံမည့် အကြောင်းအရာများ၊ လေ့လာဖွယ်ရာများနှင့် ကဏ္ဍသစ်များကို အကျယ်တဝင့် ထည့်သွင်းဖော်ပြမည့် သုတအလေးပေး လမ်းညွှန်စာအုပ်ကို ဆက်လက်ထုတ်ဝေနိုင်ရန် စိတ်ကူးထားကြောင်း ဒေါ်မြမြချို က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks